By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မိုင်းရှင်းထွက်လာသည့် စစ်သားများ မိုင်းဆွဲခံရပြီး တစ်ဦး ပွဲချင်းပြီးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အောက်တိုဘာ ၂၀ရက်၊ နံနက် ကိုးနာရီမထိုးမီ ချောင်းဦးမြို့နယ်၊ နတ်ရေကန်စစ်ဆေးရေးဂိတ်မှ ရေပိုးစာကျေးရွာဘက်သို့ အင်အား ၃၀ဝန်းကျင်ဖြင့် မိုင်းရှင်းထွက်လာသည့် စစ်သားများကို ပဒေသာမိုင်း သုံးလုံး နှစ်ပွိုင့်၊ ပဒေသာမိုင်း လေးလုံး တစ်ပွိုင့်တို့ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁တပ်ရင်းက သတင်းထုတ်ပြန်သည်။
” သူတို့(စစ်တပ်)က ဒီလမ်းကြောကို မိုင်းရှိမယ်သိတယ်လေ။ အရင်တုန်းက ဓားစာခံတွေခေါ်ပြီး ရှင်းတာ။ ခုနောက်ပိုင်း ဓားစာခံကလည်း ခေါ်မရတော့ သူတို့ဟာသူတို့ လာရှင်းကြတာ” ဟု မုံရွာခရိုင်အမှတ် ၁၁တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
သေဆုံးနှင့် ဒဏ်ရာရစစ်သားများကို နတ်ရေကန်စစ်ဆင်ရေးဂိတ်သို့ ပြန်လည်သယ်ဆောင်သွား ကြောင်း ၎င်းကပြောသည်။
” တပ်တွင်းသတင်းကတော့ တစ်ယောက်ပဲသေတယ်။ သုံးယောက်ကဒဏ်ရာရတယ်။ တစ်ယောက်ပဲစိုးရိမ်ရတယ်။ ဒါပေမဲ့၊ အဲ့စိုးရိမ်ရတဲ့တစ်ယောက်က သေ၊မသေက သေချာမသိရဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် သော်လည်း PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်၁၁တပ်ရင်းနှင့် နွေဦးလူငယ်People’s Defence Force၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pentagram၊ Venom Revolution Force၊ Shining Star. Local Defense Force၊ Myinmu Local Defence Forceနှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။