By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ရဲဘော်များကို ပုလဲပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြ ကြောင်း ယင်းမာပင်ခရိုင်အမှတ်၁၀တပ်ရင်း(ဒေါင်းနက်ပြောက်ကျား တပ်ဖွဲ့)က ယနေ့ သတင်းထုတ်ပြန်သည်။
ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာတိုက်ပွဲနှင့် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ယင်းမာပင်ခရိုင်အခြေစိုက် ယင်းမာပင်ခရိုင်အမှတ် ၁၀တပ်ရင်းမှ ရဲဘော်များကို အောက်တိုဘာ ၁၆ရက်တွင် စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက လှိုက်လှဲစွာကြိုဆိုကြခြင်းဖြစ်သည်။
” မြတောင်ရတာကိုး။ မြတောင်ကနေ ပင်လည်ဘူးကို ပြန်သွားပြီး အရင်ရောက်နေတဲ့အဖွဲ့နဲ့နေရတာ။ ပင်လည်ဘူးလည်း ရလို့ပြန်လာတာ။ မျက်ရည်တောင်လည်ပါတယ်ဗျာ။ ဝမ်းသာတယ်။ ပျော်တယ်ဗျာ။ လူကြီးသူမတွေဆိုရင် ဖိနပ်ကိုချွတ်ပြီး လက်အုပ်လေးချီပြီး ကြိုဆိုကြတာ” ဟု ယင်းမာပင်ခရိုင်အမှတ် ၁၀တပ်ရင်းမှ တပ်ရင်းမှူးရဲဘော်ပေက MPA သို့ပြောသည်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ၌ ယင်းမာပင်ခရိုင်တပ်ရင်း ၇၊ ၁၀၊ ၁၂တို့ဖြင့် ဖွဲ့စည်းထားသည့် ဗျူဟာ ၄၁တပ်ရင်းအဖြစ် သွားရောက်တိုက်ပွဲဝင်ခဲ့ပြီး တပ်ရင်းခုနှစ် မှ ရဲဘော်တစ်ဦးနှင့်တပ်ရင်း ၁၂မှရဲဘော်တစ်ယောက်ကျဆုံးခဲ့ကြောင်းသိရသည်။
” ကျနော်တို့ တပ်ရင်းက ကျဆုံးရဲဘော်မရှိဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူ ခြောက်ယောက်ရှိတယ်။ ခုတော့ သက်သာပါတယ်။ ရှပ်မှန်တာတို့၊ ပေါင်ထောက်တာတို့ အဲ့ဒါတွေပါ။ တခြားရင်း(တပ်ရင်း)မှာလည်း ဒဏ်ရရတာ ခြောက်ယောက်တို့၊ ခုနှစ်ယောက်တို့ရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ပင်လည်ဘူးမြို့ကို PDFပူးပေါင်းတပ်များက အောက်တိုဘာ ရှစ်ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၇၀ခန့်သေဆုံးကာ လက်နက်ချသူ ၄၈ဦးနှင့် စစ်သုံ့ပန်း ၁၀၂ဦးတို့ ဖမ်းဆီးရရှိခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။