By Ra Wai / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့်တပ်ကို PDFတပ်ဖွဲ့များက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ ရှစ်ဦးသေဆုံးကြောင်းသိရသည်။
အောက်တိုဘာ ၁၁ရက်၊ နံနက် ငါးနာရီခန့်တွင် ရေစကြိုမြို့နယ်၊ ခလရ ၂၅၆မှ ထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို PDF တပ်ဖွဲ့များက ဇီးကုန်းရွာနှင့် ဇီးကုန်းကျွန်းရွာကြား၌ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ တစ်နာရီကျော်ကြာဖြစ်ပွားခဲ့ကြောင်း ရေစကြိုမြို့နယ်ပကဖက ယနေ့ည သတင်းထုတ်ပြန်သည်။
“ မနက်အစောပိုင်းမှာ ဇီးကုန်းရွာကို ဝင်လာတယ်။ အဲ့မှာ ကျတော်တို့ရဲဘော်တွေက ဇီးကုန်းရွာအပြင်ဘက်ကို ခဏထွက်ပေးရတယ်။ ထွက်ပေးပြီး ငါးနာရီကျော်လောက်မှာ ဇီးကုန်းနှင့် ဇီးကုန်းကျွန်းရွာကြားမှာ နှစ်ဖက်အပြန်အလှန်ဖြစ်ပွားခဲ့တာ” ဟု ရေစကြိုမြို့နယ်ပကဖသတင်းပြန်ကြားတာဝန်ခံက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် MA3 သေနတ်တစ်လက်၊ MA3ကျည်ဘောက် လေးဘောက်၊ MA11 တစ်လက်၊ MA11ကျည်ဘောက် သုံးဘောက်၊ ကျည် ၂၇၅တောင့်နှင့် အီနာဂါဗုံးသီးတစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
“ သေနတ်တက်ကောက်တဲ့အချိန်မှာ အလောင်းတွေပုံထပ်နေတာတွေ့ခဲ့တယ်။ နှစ်လောင်းကရေထဲမျောသွားတယ်” ဟု ၎င်းက ပြောသည်။
ယင်းတိုက်ပွဲတွင် ရေစကြိုမြို့နယ်ပကဖ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ရဲဘော်နှစ်ဦး ခြေထောက်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကာ မစိုးရိမ်ရကြောင်း သိရသည်။
“ တိုက်ပွဲနည်းနည်းအရှိန်ပြင်းခဲ့တာပေါ့နော်။ သေနတ်တက်ကောက်တဲ့တစ်ဖွဲ့က ဖိပြီး အပစ်ခံနေရတဲ့အချိန်မှာ ကျသွားတဲ့ရဲဘော်ရှိတဲ့အဖွဲ့က ပစ်ကူပေးတာပေါ့နော်။ ပစ်ကူပေးတဲ့ဘက်ကို သူတို့(စစ်တပ်)က ပစ်တဲ့အချိန်မှာ ရဲဘော်ကထိသွားတာဗျ။ ဆေးကုသဖို့ ခေါ်ခဲ့သေးတယ်။ လမ်းမှာပဲ အချိန်မမီလိုက်တာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့ (အောက်တိုဘာ ၁၂ရက်)တွင် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ဇီးကုန်းကျေးရွာသို့ နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် စစ်တပ်က သတ်သွားသော ဇီးကုန်းရွာဘုန်းကြီးတစ်ပါးနှင့် လူလတ်ပိုင်းအမျိုးသားနှစ်ဦးတို့၏ ရုပ်အလောင်းများကို စစ်သား ခြောက်ဦးတို့၏ အလောင်းများနှင့်အတူ မြေမြှုပ်ထားကြောင်း တွေ့ရသည်ဟု ဆိုသည်။
ယနေ့ တွင် ယင်းစစ်ကြောင်းသည် ရေစကြိုမြို့နယ်၊ ပခမ်းကြီးနယ်မြေရဲစခန်းသို့ ရောက်ရှိနေကြောင်း သိရသည်။
စစ်သားများသေဆုံးမှုကို MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။