By Nway / MPA
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို PDF ဝိုင်းထားပြီဆိုသော သတင်းအမှားကြောင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကိုးကြိမ်ထက် မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ သတင်းအမှား ထွက်ပေါ်ပြီးနောက် ကန့်ဘလူပျုစောထီးခေါင်းဆောင် ဝါသဝက လေ ကြောင်းပစ်ကူပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် ယနေ့ ( စက်တင်ဘာ ကိုးရက်) ညနေငါးနာရီကျော်တွင် တံတားဦးလေတပ်မှ တက်လာသော K – 8W ဖိုက်တာ နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းရေဦးမြို့နယ် အခြေပြု People’s Defence Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က ပြောသည်။
“ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး။ လော်ဘီချန်နယ်တွေနဲ့ ဝါသဝတို့က PDFတွေ ဒီပဲယင်းမြို့ကို ဝိုင်းထားပြီး ညှပ်ပစ်နေကြတယ်ဆိုပြီး ပစ်ကူတောင်းလို့ လာပစ်တာပါ။ ကိုယ့်ဘက်ကရဲဘော်တွေ ကပ်နိုင်လောက်တဲ့နေရာတွေကို ရမ်းကြဲသွားတာ ဘယ်သူမှထိခိုက်မှုမရှိပါဘူး” ဟု၎င်းက MPAသို့ ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီပဲယင်းမြို့ပေါ်ရှိ ပြည်သူနေအိမ်များ ပျက်စီးဆုံးရှုံးမှုရှိကြောင်းသိရ သည်။
“ ဒီပဲယင်းမြို့ကို စစ်သားတွေ ပြန်အထိုင်ချကတည်းက မီးရှို့ထားတာတွေရော ၊ ခုလေကြောင်းတိုက်ခိုက်တာတွေရောကြောင့် ပြည်သူပိုင်နေအိမ် တိုက်တွေ ပျက်စီးဆုံးရှုံးတာတွေ များတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဒီပဲယင်းမြို့ကို ဩဂုတ်လ ၁၈ရက် နံနက်ပိုင်းက ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ကာ ရဟတ်ယာဉ်ဖြင့် စစ်ကူချပေးခဲ့သောကြောင့် ဒီပဲယင်းမြို့မှ PDF တို့ ပြန်လည်ဆုတ်ခွာခဲ့ရသည်။
ဩဂုတ်၁၈ရက်ညနေမှ ယနေအထိ ဒီပဲယင်းမြို့ပေါ်တွင် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည်။