By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်မှာ PDFတို့၏ တစ်နှစ်ကျော်ကြာ ပိတ်ဆို့ထားမှုကြောင့် ရိက္ခာလက်ကျန်ကိုသာ စားသောက်နေရကြောင်း သိရသည်။
၂၀၂၃ခုနှစ် ဇွန်လကတည်းက မြိုင်မြို့ကို PDF တပ်ဖွဲ့များက ပိတ်ဆို့ထားသဖြင့် မြေပြင်စစ်ကြောင်း ထိုးကာ ရိက္ခာပို့နိုင်ခြင်းမရှိသလို လေကြောင်းဖြင့်လည်း မြို့ထဲသို့ ရိက္ခာပို့ပေးခြင်းမရှိ ကြောင်း မြိုင်ပကဖထံက သိရသည်။
“ မြို့ထဲက ရိက္ခာတော့ မပြတ်လောက်ဘူး။ ဈေးတွေထဲမှာ ဆန်အိတ်တွေက ရာချီရှိတာကိုး။ မြို့နေလူထုကလည်း နည်းတော့ သူတို့ (စစ်တပ်)ဝင်ချင်သလိုဝင် လုပ်ချင်သလို လုပ်နေကြတာ။ အသားတို့၊ ငါးတို့၊ ဟင်းသီးဟင်းရွက်တွေကတော့ ကြာရင်တော့ ခက်ခဲလာမှာ” ဟု မြိုင်ပကဖဒုတာဝန်ခံ ကိုကျောက်တိုင်က MPA သို့ပြောသည်။
မြိုင်မြို့ထဲ၌ ပြည်သူ ထောင်ဂဏန်းဝန်းကျင် ကျန်ရှိနေသေးပြီး မြို့ခံပြည်သူများကို ကာကွယ်ရေးတပ်ဖွဲ့များက သတ်မှတ်ထားသည့် ကုန်ပစ္စည်းပမာဏထက်မကျော်လွန်စေဘဲ တစ်ပတ်လျှင် သုံးကြိမ် မြို့ပြင်သို့ ဈေးဝယ်ထွက်ခွင့်ပေးကြောင်း ဒေသတွင်း PDFရဲဘော်တစ်ဦးကပြောသည်။
“ မြို့ပေါ်က ပြည်သူတွေအတွက်ကတော့ နီးစပ်ရာဘက်တွေမှာ ကာကွယ်ရေးအဖွဲ့တွေ့က သတ်မှတ်ထားတဲ့နှုန်းနဲ့ပေါ့။ ဆန်ဆို ဘယ်နှစ်ပြည်၊ အသားဆို ဘယ်နှစ်ပိဿာဆိုပြီး အဲ့လိုနှုန်းထားမျိုးနဲ့ တစ်ပတ်ကို သုံးကြိမ်ဈေးဝယ်ထွက်ခွင့်ပေးတယ်” ဟု ၎င်းကပြောသည်။
မြိုင်မြို့ကို PDF တပ်ဖွဲ့များဝိုင်းဝန်းပိတ်ဆို့ထားပြီးနောက် ယနေ့ (အောက်တိုဘာ ကိုးရက်)အထိ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ရဲ၊ စစ်သားနှင့် ပျူစောထီး ကိုးဦးရှိပြီဖြစ်ကြောင်း သိရသည်။