By Ko Paing /MPA
PDF တို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဆုတ်ခွာခဲ့သော ချောင်းဦးမြို့နယ်၊ကံဇီးပျူရွာတွင် စစ်အုပ်စုဝင်များ ပြန်လည် တပ်စွဲခြင်းမရှိသေးကြောင်း သိရသည်။
စက်တင်ဘာ ၁၉ ရက်၊နံနက်ငါးနာရီခွဲဝန်းကျင်တွင် ချောင်းဦးမြို့နယ်၊ကံဇီးပျူစောထီးကျေးရွာကို ဒေသခံ PDFတပ်များ ဝင်ရောက်စီနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ပျူစောထီး ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများနှင့်အတူ ပျူစောထီး ၃၀ ကျော်အား သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ကာ ယနေ့ (စက်တင်ဘာ၂၃ရက်)နံနက်ပိုင်းအထိ စစ်အုပ်စုဝင်များ ပြန်လည် တပ်စွဲခြင်းမရှိသေးကြောင်း Brave Heart Army-BHA ထံက သိရသည်။
“ဘန်ကာ၊မျှော်စင်နဲ့ပျူစောထီးအိမ်တချို့ကိုတော့ မီးရှို့ခဲ့တယ်။အဲ့နေ့က မိုးသည်းနေတော့ အနည်းအကျဥ်းလောက်ပဲ မီးရှို့နိုင်ခဲ့တာပါ”ဟု Brave Heart Army-BHA တာဝန်ခံ က MPAသို့ ပြောသည်။
ယင်းရွာမှ ပျူစောထီးများသည် ပျူစောထီးအလောင်းများကို ထားခဲ့ပြီး ကင်မွန်းတော်ပျူစောထီးရွာသို့ ထွက်ပြေးသွားကြသလို PDF များကလည်း ကံဇီးရွာအား သိမ်းပိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာသွားကြကြောင်း သိရသည်။
“ဖမ်းမိတဲ့ ပျူ ၃၀ ကျော်ကို အထက်က တာဝန်ရှိတဲ့သူတွေ စစ်ဆေးနေတုန်းပါပဲ။ကျတော်တို့တော့ ဘာမှ မသိရသေးပါဘူး။အထက်က အဖြေကျမလာသေးတာလည်းပါပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့လမ်းညွှန်ချက်အတိုင်း ပြုလုပ်သွားမှာပါ”ဟု မုံရွာခရိုင်အမှတ်ငါး တပ်ရင်း မှ ပြန်ကြားရေးတာဝန်ခံ ကပြောသည်။
ယင်းတိုက်ပွဲအတွင်း ချောင်းဦးမြို့နယ်၊ကင်းမွန်းတော်ပျူစောထီးရွာမှ လက်နက်ကြီးပစ်ကူပေးခဲ့ ကြောင်း သိရသည်။
“ရွာထဲက ဘန်ကာတွေရော၊စခန်းတွေပါဖြိုခဲ့ပါတယ်။စခန်းသိမ်းတိုက်နေချိန်မှာ Y-12(လေယာဉ်)တော့လာဝဲတယ်။ပစ်တော့ မပစ်ဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲကို မုံရွာ ခရိုင် တပ်ရင်း ( ၅၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၂၊ ၁၅ ၊ ၁၇ ) ၊ခရိုင် ပကဖ ၊ မုံရွာခရိုင် တပ်ရင်း သုံး၊ မုံရွာခရိုင် တပ်ရင်း ၂၄၊Twenty-four Drone ၊ Brave Heart Army(BHA) နှင့် Ninja Drone Team တို့ ပူးပေါင်း ဆင်နွှဲခဲ့ ခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း ပျူစောထီးများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။