By MPA
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်ရှိ ရွှေဘိုမြို့မရဲစခန်းကို အောက်တိုဘာလ၁၀ရက်နေ့နံနက်၈နာရီတွင် ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်ပစ်ဗုံး၁၀လုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ရဲစခန်းကို တိုက်ခိုက်ရာတွင် တောင်နှင့်မြောက် နှစ်ဖက်ညှပ်၍ ပစ်သွင်းတိုက်ခိုက်ခဲ့သည့်အတွက် ချက်ချင်းပြန်တုံပြန်နိုင်ခြင်းမရှိခဲ့ဘဲ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပြီး နောက်မှသာ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
ရွှေဘိုမြို့မရဲစခန်းသည် ရဲစခန်းရှေ့တွင်”လာမဝိုင်းနှင့်သေတတ်သည်” ဟု ဆိုင်းဘုတ်ချိတ်ဆွဲထားပြီး လုံခြုံရေးအတွက် လင့်စင်များပါ တည်ဆောက်ထားသည်ဟု သိရသည်။ ထိုကဲ့သို့ လုံခြုံရေးတင်းကြပ်ထားသော အနီရောင်နယ်မြေအတွင်းတွင် ပြုလုပ်ခဲ့သော တိုက်ပွဲဖြစ်သဖြင့် ပေါက်ကွဲမှုအပြီးတွင် ချက်ချင်းဆုတ်ခွာခဲ့ရသောကြောင့် အကြမ်းဖက်စစ်တပ်မှ သေဆုံးခြင်းရှိမရှိကို စိစစ်နိုင်ခြင်းမရှိကြောင်း ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။
“ ရဲစခန်းထဲကတော့ အသေပျောက် ရှိတယ််မကြားရသေးဘူး။ အဲ့ထဲကို ဆေးရုံကားတွေဘာတွေလာတာလဲမတွေ့ရဘူးလေ ” ဟု ရွှေဘိုဒေသခံကပြောသည်။ ယနေ့နံနက်ပိုင်းတွင် ရဲစခန်းအပါအဝင် ရွှေဘိုမြို့အတွင်းရှိ အခြားနေရာများတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
ယခုလတ်တလောတွင် စစ်ကိုင်းတိုင်း၌ ရဲစခန်းတိုက်ခိုက်ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိနေပြီး ထိုသို့တိုက်ခိုက်ခံရမှုများအတွက် အကြမ်းဖက်စစ်တပ်မှ ပြန်ကြားရေးတာဝန်ရှိသူ ဇော်မင်းထွန်းထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပေ။
လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းအတွင်းရှိကနီ၊ ယင်းမာပင်၊ ဘုတလင်၊ ဒီပဲယင်း၊ မြောင်၊ တန့်ဆည် အစရှိသည့် မြို့နယ်များတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးအရ တင်းမာမှုများရှိနေပြီး နေ့စဉ်ပေါက်ကွဲမှုများ၊ တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။