By Nway / MPA
မကွေးတိုင်း၊ မြိုင်မြို့၊ မီးသတ်ဂိတ်စောင့် စစ်သားတစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
စက်တင်ဘာ ရှစ်ရက်၊ မွန်းလွဲ တစ်နာရီခွဲခန့်တွင် မြိုင်မြို့အနောက်ဘက်စျေးနှင့် ပန်းခြံအနီးရှိ မီးသတ်ဂိတ်၌ ဂိတ်စောင့်နေသော စစ်သားများကို စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း မြိုင်ပကဖက ယနေ့ (စက်တင်ဘာကိုးရက်) သတင်းထုတ်ပြန်သည်။
“ မီးသတ်ဂိတ်က မြို့ရဲ့ သုံးပုံတစ်ပုံလောက် နေရာမှာရှိတယ်။ အင်အား ၁၅ယောက်ရှိတယ်။ ဘန်ကာထဲမှာ နေကြတယ်။ အကြာကြီးတော့ မစောင့်လိုက်ရဘူး။ ၁၅မိနစ်လောက်ပဲ စောင့်လိုက်ရတယ်။ သူတို့ထွက်လာတာနဲ့ ပစ်လိုက်တာ” ဟု မြိုင်ပကဖခေါင်းဆောင် ဗိုလ်လက်ျာက MPA ကို ပြောသည်။
စနိုက်ပါဖြင့် ပစ်ခတ်ပြီးနောက် အဆိုပါဂိတ်မှ ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။
“ သူတို့ပစ်လိုက်လို့ ပြည်သူတွေထိတာမျိုးတော့ မရှိဘူး။ ကျတော်တို့ရဲဘော်တွေလည်း အန္တရာယ်ကင်းပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စက်တင်ဘာ ခုနှစ်ရက်ကလည်း မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများနှင့် ဂိတ်များကို မြိုင်ပကဖနှင့် အခြား PDFတပ်ဖွဲ့များက တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရုံးအချို့ မီးလောင်ပျက်စီးခဲ့သေးသည်။
စနိုက်ပါထိပြီး စစ်သားတစ်ဦးသေဆုံးသွားခြင်းအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
မြိုင်ပကဖသည် အခြားသောကာကွယ်ရေးအဖွဲ့များနှင့်အတူ ကမ္မစက်ရုံရဲကင်းစခန်းကို လေးရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာလေးရက်၌ ယင်းစခန်းမှ စစ်အုပ်စုဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြကြောင်း သိရသည်။
မြိုင်ပကဖသည် မြိုင်မြို့နယ်တွင်သာမက ပခုက္ကူခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။