By Ra Wai/MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့အထွက်တွင် ဆိုင်ကယ်စီးလာသော စစ်သား နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၆ ရက်နေ့ တွင် မြင်းခြံမြို့နယ်၊မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းကို ယာယီပိတ်ဆို့ကာ နယ်မြေလုံခြုံရေး စစ်ဆေးနေစဥ် မြင်းခြံမြို့ပေါ်မှ ဆိုင်ကယ် စီးနင်းလာသူ နှစ်ဦးအား မသင်္ကာသဖြင့် တားဆီးစစ်ဆေးရာ စစ်သားများဖြစ်နေသောကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းဖြစ်ကြောင်း Myingyan Ranger ထံကသိရသည်။
“သူတို့ မြင်းခြံမြို့ပေါ်ကနေ အလုပ်ကိစ္စနဲ့အပြင်ထွက်လာတာလို့ပြောပါတယ်။မြင်းခြံမြို့အထွက်လေးမှာပဲ ဖမ်းမိတာပါ။ပြန်လည်ခုခံတာမျိုးတော့မလုပ်ပါဘူး။အရေးကြီးစာရွက်စာတမ်းလည်းမပါဘူး။ပုံမှန် မှတ်ပုံတင်နဲ့ဝန်ထမ်းကတ်ပဲပါတယ်။စစ်ကောင်စီက သုံးတဲ့ သံပုရာသီး(လက်ပစ်ဗုံး) တစ် လုံးပါတယ်”ဟု Myingyan Ranger(မြင်းခြံခရိုင်အမှတ်နှစ်တပ်ရင်း၊တပ်ခွဲ သုံး)မှ တပ်ရေးဗိုလ် က MPAသို့ ပြောသည်။
ယင်းစစ်သားနှစ်ဦးထံမှ ဆိုင်ကယ် တစ်စီး၊လက်ကိုင်ဖုန်း နှစ်လုံး၊လက်ပစ်ဗုံးတစ် လုံး၊ဝန်ထမ်း ကတ်နှင့်မှတ်ပုံတင်တို့သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
“မြင်းခြံမြို့ကနေထွက်တာနဲ့ သူတို့(စစ်ကောင်စီ)အတွက် မလုံခြုံတော့ပါဘူး။ဒီ နှစ်ယောက်ကို ဘယ်ကိုပို့မယ်၊အပ်မယ်ဆိုတာတော့ ကျမတို့ တိုင်ပင်ထားပါတယ်။ဒါကိုတော့ နောက်မှပဲ ပြန်ပြောပေးပါမယ်ရှင့်”ဟု၎င်းကဆိုသည်။
ဩဂုတ် ၁၀ရက်မှစတင်၍ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာမြို့နယ်များတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မြင်းခြံခရိုင်အထူးစစ်ဆင်ရေး ( MDSO ) ဆင်နွှဲလျက်ရှိသည်။