By Ko Paing / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးရွာအတွင်းရှိ စစ်သား၊ရဲနှင့်ပျူစောထီးများ လက်နက်ချ အညံ့ခံရန် TYK ပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအနေဖြင့် သတိပေးလိုက်သည်။
ယနေ့ (စက်တင်ဘာခုနှစ်ရက်) မှစ၍ ၁၄ ရက်အတွင်း လက်နက်ချကြရန်၊ သရက်ကန်ပျူစော ထီးကျေးရွာနေ ပြည်သူများ ရွာအတွင်းမှ ထွက်ခွာပေးကြရန် နှင့် လိုက်နာမှုမရှိပါက တိုက်ခိုက်သွားမည်ဖြစ်ကြောင်း TYK ပြောက်ကျားတပ်ဖွဲ့၊ တာဝန်ခံ ကိုကုလားလေး ကပြောသည်။
“ဒီနေ့(စက်တင်ဘာ၇ရက်)ကနေစပြီး နှစ်ပတ်ထိစောင့်မယ်။ မလိုက်နာရင်တော့ ရှေ့က ကိုင်းတောမ၊ ရွာသစ်၊ဝက်ပုတ် တို့ကို တိုက်ခိုက်ခဲ့သလိုပဲ တိုက်ခိုက်သွားမှာပါ” ဟု ၎င်းက MPAသို့ ပြောသည်။
သရက်ကန် ပျူစောထီးရွာသည် ပခုက္ကူ-ကမ္မ-မြိုင်လမ်းပေါ်တွင်တည်ရှိပြီး စစ်သား၊ရဲနှင့် ပျူစောထီး စုပေါင်းအင်အား ၁၅၀ ဝန်းကျင်ရှိကြောင်းသိရသည်။
“TYK က တိုက်မယ်ဆိုရင် ကျန်အဖွဲ့တွေလည်းပါဝင်ကြမှာပါ။ကျတော်တို့ အညာမြေမဟာမိတ် တပ် ပေါင်းစု ကလည်းပါဝင်မှာပါ။ဒါကတော့ အဖွဲ့အတွက်ရော နယ်ခံတွေအတွက်ရော မဟာအင်အား တစ်ခုပါပဲ။အဲ့ဒီ ပျူရွာမရှိတော့ရင် ပိုပြီးလွတ်လပ်၊ပိုပြီး နယ်မြေကျယ်ပြန့်ပြီး ကူးသန်းရောင်း ဝယ်မှု လျင်မြန်လာမှာဖြစ်ပါတယ်” ဟု အညာမြေတပ်ပေါင်းစု၊ သတင်းပြန်ကြား တာဝန်ခံ ကိုဘိုဘိုသန့်ဇင် ကပြောသည်။
သရက်ကန်ပျူစောထီးကျေးရွာမှ လက်နက်ချ အညံ့ခံသူများအားလုံးကို အသက်အာမခံချက် အပြည့်အဝပေးမည်ဖြစ်ပြီး လက်နက်နှင့်တကွအညံ့ခံသူများအား ဆုငွေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။