By Ko Paing / MPA
ရန်ကုန်တိုင်း PDF တပ်ရင်းအသစ်သို့ အလင်းဝင်လာသူ စစ်သားနှစ်ဦးမှာ စစ်ကောင်စီကို ပြန်တိုက်သွားမည်ဟုဆိုကြောင်း သိရသည်။
စက်တင်ဘာတစ်ရက်တွင် စစ်ကောင်စီရေတပ်၊ အမှတ် (၂) ဗျူဟာစစ်ရေယာဥ်စု (မော်လမြိုင်-ဟိန်းဇဲဒေသ) မှ တပ်ကြပ်ညီညီလွင်ဆိုသူ လက်နက်မဲ့ အလင်းဝင်လာခဲ့ရာ ရန်ကုန်တိုင်းစစ်ဌာန၊ PDF တပ်ရင်း ၅၁၀၂ ထံ နှစ်လကျော်အတွင်း စစ်သား သုံးဦးလက်နက်မဲ့အလင်းဝင်လာခဲ့ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာန၊တပ်ရင်း၅၁၀၂၊ ပြည်သူလူထုလုံခြုံရေးဌာနထံက သိရသည်။
“ရေတပ်က တပ်ကြပ်ညီညီလွင်ကတော့ သြဂုတ်လကတည်းက ဆက်သွယ်လာတာ။ကျတော်တို့ဆီကိုရောက်တာကတော့ စက်တင်ဘာ တစ်ရက်နေ့မှရောက်တာပါ။ စစ်ကောင်စီကို ပြန်တိုက်မယ်လို့လည်းပြောတယ်” ဟု ရန်ကုန်တိုင်းစစ်ဌာန၊တပ်ရင်း၅၁၀၂၊ပြည်သူလူထုလုံခြုံရေးဌာန၊ တာဝန်ခံ ရဲဘော် မဟာချို က ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လတွင်လည်း စစ်ကောင်စီလက်အောက်ခံ ခမရနှစ် မှတပ်သားဝေလင်းထက်နှင့် ခလရ-၁၂ မှ တပ်သားခွန်ကျော်ဦး တို့ လက်နက်မဲ့အလင်းဝင်လာခဲ့ရာ ရန်ကုန်တိုင်းစစ်ဌာနမှ ဂုဏ်ပြုငွေချီးမြှင့်ခဲ့ကြောင်းထုတ်ပြန်ထားသေးသည်။
“ကျနော်တို့ တပ်ရင်းက အခု နှစ်လသားအရွယ်ပဲရှိပါသေးတယ်။ကော့ကရိတ်တိုက်ပွဲအပြီး ဒေါနစစ်ကြောင်းမှာရှိတဲ့ ပဲခူး၊ရန်ကုန်သားတွေနဲ့စုဖွဲ့ပြီး တပ်ရင်း ၅၁၀၂ ကိုဖွဲ့စည်းလိုက်တာပါ” ဟု ၎င်းကဆိုသည်။
တပ်ရင်း ၅၁၀၂ ကို ၂၀၂၄ ခုနှစ်၊ဇူလိုင်တစ်ရက်တွင် တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။