By MPA
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းအတွင်းရှိ ကျေးရွာများတွင် ဒလန်ရှင်းလင်းရေးအဖွဲ့အမည်ခံပြီး ပြည်သူလူထုအပေါ်တွင် မတရားအနိုင်ကျင့်နေသော အဖွဲ့တစ်ခုကို ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာလ၂၆ရက်နေ့တွင် ၎င်းတို့၏စခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး အဖွဲ့ခေါင်းဆောင်ကိုသုတ်သင်ရှင်းလင်းခဲ့သည်။
အသက်၃၀အရွယ်ခန့် ရှိုင်းသာဟူသောအမျိုးသားတစ်ဦးခေါင်းဆောင်သည့် ဒလန်ရှင်းလင်ရေးအဖွဲ့ အမည်ခံသည့် အဖွဲ့တစ်ခုသည် ကလေးမြို့နယ်တောင်ပိုင်းရှိကျေးရွာများဖြစ်သည့် တင်သားအုပ်စု၊ ဒိုးနွယ်အုပ်စု၊ အင်းကျွန်းအုပ်စု၊ ကျောက်ပြုတ်အုပ်စု၊ ကုက္ကိုလ်အုပ်စု နယ်မြေများတွင် ဒေသခံ ကျေးရွာပြည်သူများအပေါ် လက်နက်ကိုင် ဗိုလ်ကျအနိုင်ကျင့်အုပ်ချုပ်ခြင်း၊ အဓမ္မဆက်ကြေးကောက်ခြင်း၊ အမျိုးသမီးငယ်အချို့ကို အဓမ္မပြုကျင့်ခြင်း၊ ဒလန်၊ မူးယစ်ဆေးစွဲသူ၊ မူးယစ်ဆေးရောင်းသူ စသဖြင့် အလွယ်တကူစွပ်စွဲကာ စီရင်သတ်ဖြတ်ပြီး ရွှေ၊ ငွေ၊ ဆိုင်ကယ် အဖိုးတန်ပစ္စည်းများသိမ်းယူခြင်း စသည့် ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်လျက်ရှိသဖြင့် ဒေသခံများ၏ အကူအညီတောင်းခံမှုများကြောင့် စက်တင်ဘာလ၂၆ရက်နေ့တွင် ယင်းအဖွဲ့၏စခန်းကို ကလေးPDFက စီးနင်းခဲ့ပြီး အဖွဲ့ခေါင်းဆောင်ရှိုင်းသာကို ရှင်းလင်းခဲ့ကာ အဖွဲ့ဝင်များကို ယာယီထိန်းသိမ်းခဲ့ကြောင်း ကလေး PDFကဆိုသည်။
“သူတို့ကို ပြည်သူလူထုကတအားကြီးထိတ်လန့်ပြီး ကြောက်နေတဲ့အတိုင်းတာတော့ရှိတယ်။ သူတို့ရဲ့လုပ်ရပ်က ပြည်သူ့ကာကွယ်ရေး(PDF)အဖွဲ့ရဲ့ ပုံရိပ်ကို တအားထိခိုက်တယ်။ ပြည်သူလူကလည်း PDFလို့ပဲထင်လာတာ တအားဖြစ်လာတဲ့အတွက် ရှင်းလင်းခဲ့တာပါ ” ဟု ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ကဆိုသည်။
ဒေသခံပြည်သူများ၏ တောင်းဆိုချက်များအရ ကလေးPDFမှ ဩဂုတ်လမှစပြီး သတိပေးမှုများ ပြုလုပ်ခဲ့သော်လည်း မတရားပြုကျင့်မှုများ ပြုလုပ်လျက်ရှိနေဆဲဖြစ်သောကြောင့် ၎င်းတို့၏ တည်နေရာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး သွားစဉ်က အပြတ်ရှင်းရန် ရည်ရွယ်ချက်မရှိသော်လည်း ပြန်လည်ခုခံမှုများပြုလုပ်ခဲ့သည့်အတွက် ခေါင်းဆောင်ကို အပြတ်ရှင်းပြီး အဖွဲ့သားများကို ထိန်းသိမ်းထားခဲ့သည်။
ရှိုင်းသာဦးဆောင်သည့်အဖွဲ့သည် လူဦးရေလေးဆယ်ခန့်ရှိပြီး လူငယ်အများစုမှာ ရှိုင်းသာကိုကြောက်၍ အဆိုပါလုပ်ငန်းများ လုပ်ကိုင်ခဲ့ရခြင်းဖြစ်ကြောင်း ကလေးPDFကဆိုသည်။
“ကလေးတွေက ထွက်ချင်ပေမယ့် ထွက်လို့မရဘူး။ထွက်ရင်သတ်ပစ်မယ်တို့ ဘာတို့နဲ့ အကြောက်တရားနဲ့ ခြိမ်းခြောက်ထားတယ်။ ထွက်ချင်တိုင်းလည်း ထွက်လို့မရဘူး။ မတရားပြုကျင့်မှုတွေမှာက တဖွဲ့လုံးလုပ်တာမဟုတ်ဘူး။ တချို့ဆိုဒလန်ရှင်းတယ်ပဲသိကြတယ် ”ဟု ၎င်းကဆိုပါသည်။
ရှိုင်းသာဦးဆောင်သည့် အဖွဲ့သည် ရွာအတွင်းသို့ဝင်ရောက်သည့်အခါများတွင် လူဦးရေသုံးဆယ်ကျော်ဖြင့် လာရောက်လေ့ရှိပြီး ရွာအတွင်းရှိ ပစ္စည်းများကို ယူငင်ခြင်းနှင့် ဆက်ကြေးကောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
စက်တင်ဘာလဆန်းပိုင်းက ကျောက်ပြုတ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဘုန်းကြီးကျောင်းအား ညအချိန် ဝိုင်းဝန်းပစ်ခတ်မှုမှာလည်း ၎င်းတို့အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုပြောဆိုသည်။
“ ရွာသားတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျတယ်၊ ပိုက်ဆံတွေကောက်ခံတယ်။ အပြစ်မဲ့ပြည်သူတွေကို ခိုးတယ် လုတယ်ဆိုပြီး သတ်ဖြတ်တာ အတော်လေးများတယ်။ ပြီးတော့ ဒလန်ရှင်းလင်းတယ်ဆိုပြီး ရွာထဲတွေကိုဝင်တယ်။ ပိုက်ဆံရှိလောက်တဲ့အိမ်ကိုဝင်တယ်။ ပြီးရင်PDFပါဆိုပြီး ပြောတယ်ဗျ။ ကျနော်တို့ရွာမှာဖြစ်တဲ့ ဘုန်းကြီးကျောင်းကို ဝိုင်းပြီးပစ်တဲ့အမှုကလည်း ဒီကောင်တွေပါပဲလို့ ပြောလို့ရပါတယ်ဗျ။”ဟု ကျောက်ပြုတ်ရွာဒေသခံတစ်ဦးကဆိုသည်။
လက်ရှိအချိန်တွင် ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အဆိုပါအဖွဲ့ခေါင်းဆောင်ကို ရှင်းလင်းခဲ့ပြီးနောက် သိမ်းဆည်းရမိခဲ့သော ရွှေ၊ငွေ၊ဆိုင်ကယ်များကို စာရင်းပြုစု၍ ရပ်ရွာ ကိုယ်စားလှယ်များဖြင့် မူလပိုင်ရှင်များထံ အပ်နှံပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ရှိုင်းသာဦးဆောင်သည့်အဖွဲ့တွင် ပါဝင်သည့်လူငယ်အများစုမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ ဝင်ရောက်ရန်အတွက် အဖွဲ့အတွင်းသို့ ရောက်ရှိလာကြသူများ ဖြစ်သော်လည်းခေါင်းဆောင်ကြောင့် အဓမ္မပြုသည့် ဂိုဏ်းအဖြစ်သို့ ရောက်ရှိခဲ့ရသည်။
လက်ရှိအချိန်တွင် အဆိုပါလူငယ်များကို ကလေးပြည်သူ့ကာကွယ်ရေးတပ်က ထိန်းသိမ်းထားပြီး အချို့မှာ ရွာပြန်ရန် စီစဉ်နေပြီး အချို့မှာ PDFထဲသို့ဝင်ကာ ပြည်သူလူထုအတွက် ဆက်လက်တိုက်ပွဲဝင်ရန် စီစဉ်လျက်ရှိနေသည်။
#ကလေး#ဒလန်ရှင်းလင်းရေးအမည်ခံအဖွဲ့#အနိုင်ကျင့်ဖိနှိပ်#ကလေးPDF
#ရှင်းလင်း#MPA