By Ko Paing / MPA
မန္တလေးတက္ကသိုလ်ဝင်းထဲသို့ စစ်ကောင်စီအဆင့်မြင့်အရာရှိနှစ်ဦး ရောက်ရှိလာချိန်တွင် လက်ရွေးစင်PDF ရဲမေများက တိုက်မိုင်းနှစ်လုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မန္တလေးတက္ကသိုလ် (မိန်း) တွင် ကျင်းပသည့် အထက်မြန်မာပြည် ကျောင်းပေါင်းစုံစာဖတ်စွမ်းရည်ပြိုင်ပွဲသို့ စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့်ပညာရေးဝန်ကြီးတို့ တက်ရောက်မည်ဟု သတင်းရရှိသောကြောင့် ရွှေဘိုခရိုင်တပ်ရင်း၁၅ လက်အောက်ခံ CM-SRDF လက်ရွေးစင်အမျိုးသမီးရဲဘော်များက တက္ကသိုလ်ဝင်းထဲသို့ ဝင်ရောက်ကာ ယနေ့(သြဂုတ်ခြောက်ရက်)နံနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်၌ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း၁၅ က သတင်းထုတ်ပြန်သည်။
“ထိခိုက်သေဆုံးမှုမျိုးရှိနိုင်ပါတယ်။လက်ရှိတော့ စုံစမ်းနေဆဲပါခင်ဗျ။ကျတော်တို့က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆရာ၊ဆရာမတွေ၊ကျောင်းသားတွေ ရှင်းချိန် Fawကား တစ်စီး၊DC တစ်စီး နဲ့ အိမ်စီးကား နှစ်စီးဝင်လာချိန်မှာပဲ ဖောက်ခွဲခဲ့တာပါ” ဟု Civilian Military-Sagaing Region Defense တာဝန်ခံ က MPAသို့ ပြောသည်။
ယင်းဖောက်ခွဲတိုက်ခိုက်မှုအပြီးတွင် တက္ကသိုလ်ဝန်းအတွင်းမှ သေနတ်များပစ်ဖောက်ပြီး မြို့ပြင်မှ စစ်ကားများလည်း ရောက်ရှိလာကြောင်းသိရသည်။
“UTC တက္ကသိုလ်အရန်တပ်ရင်း ကနေ ပစ်တာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုအပြီးတွင် PDF ရဲမေများ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။