By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ စစ်တပ်စခန်းနှစ်ခုကို ယနေ့နံနက်ပိုင်းတွင် ဗုံးကိုးလုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်၁၄တပ်ရင်း (ရေဦး PDF) က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇွန်၁၈) နံနက် ၁၀နာရီ ၁၅ မိနစ်ခန့်တွင် ရေဦးမြို့မြောက်ဘက်အထွက် စစ်ကောင်စီတပ် စခန်းကို Fixed Wing Drone နှစ်စင်းဖြင့် ဗုံးခြောက်လုံးချတိုက်ခိုက်ခဲ့ပြီး စပါးဒိုင်ကွင်းအဟောင်း၌ တပ်စွဲထားသော စစ်သားများကိုလည်း ဗုံးသုံးလုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေဦးမြောက်ဘက်အထွက်ဂိတ်ဆိုတာ တန့်ဆည်ဘက်ကို ထွက်တဲ့ဂိတ်ပါ။အင်အား ၃၀ လောက်ရှိပါတယ်။အရင်ဆုံး သုံးလုံး ဗုံးသီးချတယ်။စပါးဒိုင်ကွင်းအဟောင်းကိုသုံး လုံးထပ်ချပါတယ်။ပြီးမှ မြောက်ဘက်အထွက်ဂိတ်ကို သုံးလုံးထပ်ချတာပါ” ဟု ရွှေဘိုခရိုင်အမှတ်၁၄တပ်ရင်း မှ တပ်ရင်းမှူးကိုဇွဲက MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုကို စစ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“ဒီကနေ့ မစ်ရှင်မှာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိတယ်လို့ ကျနော်တို့ ကနဦးသိရတယ်ဗျ။ဘယ်နှစ်ဦးထိတယ်။ဘယ်သူဘယ်ဝါ ထိတယ်ဆိုတာတော့ ကျနော်တို့ ဆက်လက်စုံစမ်းဆဲပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဇွန်လ ၁၁ ရက်၊ရေဦးမြို့၊ စပါးဒိုင်ကွင်းအဟောင်းရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှု တွင် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။