ကယားပြည်နယ်(ကရင်နီ)၊ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ အင်အားတိုးချဲ့လာသောအကြမ်းဖက်စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့သည် ဒေါ့ပိုးစီကျေးရွာ၌ ယနေ့(စက်တင်ဘာ၂၀)ရက်နေ့ နေ့လယ်ပိုင်းတွင် အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ်မှရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရသည်။
အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်ကို ပြန်လည်ခုခံသည့်အနေဖြင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် ကရင်နီတပ်မတော်(KA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး KNDFမှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်ဟု သိရသည်။
“ ဒီနေ့ကတော့ အင်အားမြောက်များစွာနဲ့ကျနော်တို့ ဒေါ့ပိုးစီဘက်မှရှိတဲ့ရွာတွေကို စစ်ကြောင်းထိုးတဲ့အတွက် အပြန်အလှန်ပစ်ခတ်ကြတဲ့ တိုက်ပွဲမျိုးပဲဖြစ်ပါတယ်။ ကျနော်တို့KNDFက တစ်ယောက်ကျထားပါတယ် ” ဟုကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ တာဝန်ရှိသူက ပြောကြားသည်။
လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိနေကြဆဲဖြစ်ပြီး စစ်တပ်မှ ရမ်းသန်းပစ်ခတ်မှုများပြုလုပ်နေကာ ၎င်းတို့ဘက်မှကျဆုံးမှုရှိမရှိနှင့်ပတ်သက်ပြီး သိရှိရခြင်းမရှိသေးပေ။
“ ကျနော်တို့ဘက်ကတစ်ယောက်ကျတယ်။ဒဏ်ရာရရတဲ့သူလည်းရှိတယ်။ သူတို့ဘက်အခြေအနေတော့မသိရသေးပါဘူး။ အခုထိတိုက်ပွဲဲဖြစ်နေတုန်းပါပဲ “ ဟု KNDFမှ တာဝန်ရှိသူကဆိုသည်။
ဒီးမော့ဆို့မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာဖြစ်သော ကုန်းသာကျေးရွာတွင်လည်း စစ်တပ်၏ရမ််းသန်းပစ်ခတ်မှုများကြောင့် ဒေသခံအချို့ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်းပျက်စီးခဲ့ရသည်။
“ကုန်းသာရွာမှာဖြစ်တာတော့တိုက်ပွဲမဟုတ်ဘူး။ စစ်တပ်ကရမ်းသမ်းပစ်လို့ ကုန်းသာရွာကလူတစ်ယောက်ထိတယ်။ အိမ်တွေထိတယ်။ သေချာသိရအောင် ဆက်လက်စုံစမ်းနေကြတုန်းပါပဲ ” ဟု KNDFမှ တာဝန်ရှိသူကဆိုသည်။
စက်တင်ဘာလ၁၄ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် လွိုင်ကော်မြို့မှ ဒီးမော့ဆိုမြို့နယ်၊ စံပြ ( ၆ ) မိုင်ကျေးရွာသို့အင်အား၂၀၀ခန့်ဖြင့် ထိုးစစ်ဆင်ဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။
စက်တင်ဘာလ၁၇ရက်နေ့တွင်လည်း ဒေါ့ပိုးစီကျေးရွာသို့ အင်အားဖြည့်တင်းခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ အနည်းဆုံးနှစ်ဦးခန့် ကျဆုံးခဲ့သည်။
ကယားပြည်နယ်၏ လက်ရှိစစ်ရေးအခြေအနေမှာ နှစ်ဖက်တင်းမာမှူများရှိနေပြီးအကြမ်းဖက်စစ်တပ်မှ အင်အားအလွန်အကျွံဖြည့်တင်းခြင်း၊ စစ်ကြောင်းများဖြင့်ထိုးစစ်ဆင်လာခြင်းများ ခပ်စိပ်စိပ်ပြုလုပ်လျက်ရှိနေသည်။
#ကရင်နီ #ဒီးမော့ဆို#တိုက်ပွဲ #KNDF #MPA
( Photo – ယနေ့ကျဆုံးသွားသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ရဲဘော်၏ လူမှုကွန်ရက်စာမျက်နှာတွင်တင်ထားသည့်ပိုစ့်တခုအားတွေ့ရစဉ် )