မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကားပင်ရွာအနီးရှိ PDF ကင်းစခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ ရဲဘော် ၃ ဦးနှင့် ပြည်သူ ၅ ဦးအား သတ်ဖြတ်သွားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၉ ရက်၊နံနက် ၆ နာရီခွဲဝန်းကျင်တွင် မတ္တရာမြို့နယ်၊စကားပင်ကျေးရွာအနီးရှိ ကင်းစခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ယင်းကင်းစခန်းရှိ ရဲဘော် ၃ ဦးအား ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ကင်းစခန်းအနီးရှိ ကလေးငယ် ၃ ဦးအပါအဝင် ရွာခံ ၅ ဦးကိုလည်းဖမ်းဆီးသတ်ခဲ့ခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ်ပကဖ ထံကသိရသည်။
“စကားပင်ကင်းစခန်းကို ဒလန်သတင်းပေးလို့ ၆ ခွဲလောက်မှာဝင်စီးတာ။သူတို့အင်အားက ၅၀ ဝန်းကျင်လောက်ပါတယ်။ရဲဘော် ၃ ဦးကို ကင်း အနားမှာပဲ သတ်ဖြတ်သွားတယ်။ပြည်သူတွေက ကင်းစခန်းနားမှာပဲ သတ်ဖြတ်သွားတာ။၁၄ နှစ်အရွယ် ၂ ယောက်၊၁၅နှစ် ၁ ယောက် နဲ့ပြည်သူ ၂ ဦးကိုဖမ်းပြီးသတ်တာ။ရွာကို မီးရှို့တာမျိုးတော့ မရှိဘူး”ဟု မတ္တရာမြို့နယ်ပကဖ၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကပြောသည်။
အသတ်ခံရသူအားလုံးမှာ အမျိုးသားများဖြစ်ပြီး ယင်းစစ်ကြောင်း ရွာထဲသို့ ဝင်လာချိန်တွင် ရွာသားများ ထွက်ပြေးတိမ်းရှောင်ကြကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် PDF ရဲဘော်နှင့် ပြည်သူတို့ကို သတ်ဖြတ်ပြီးနောက် ၎င်းတို့ တပ်စွဲသည့် အင်ကြင်းမြိုင်ရွာသို့ပြန်လည်ထွက် ခွာသွားခဲ့ကြောင်းသိရသည်။
“စစ်ကြောင်းက ငါးလုံးပြွန်ရွာဘက်ကို အဝင်ပြပြီး စကားပင်ကျေးရွာကို အလစ်ဝင်တာ။ရွာပြင်မှာရှိတဲ့ ကင်းစခန်းကို ဝင်စီးပြီး အဲကရဲဘော် ၃ ဦးကိုဖမ်းပြီးသတ်တယ်။ရွာထဲဝင်လာပြီး ပြည်သူ၅ဦးကို ထပ်သတ်တာ”ဟု ဒေသခံ တစ်ဦးကပြောသည်။
ယနေ့(ဖေဖော်ဝါရီ၂၁ရက်)တွင်လည်း မတ္တရာမြို့နယ်၊ ပင်းယင်ရွာ၌ တပ်စွဲထားသော စစ်တပ်သည် တုန်ကုန်းရွာနှင့်သစ်ပုတ်ကန်ရွာတို့မှ ပြည်သူပိုင်ပစ္စည်းများကို လုယက်ကာ ပင်းယင်ရွာသို့ ကားများဖြင့်သယ်ဆောင်သွားကြောင်းသိရသည်။