မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာအထိုင်ချ စစ်တပ်ကို PDF များဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ခန့်နှင့်ပျူ ၂ ဦးသေဆုံးသွားကြောင်းသိရသည်။
မန္တလေးမြို့နှင့် ၅ မိုင်ခန့်အကွာရှိ သုံးဆယ်ပေးရွာ၌ စစ်သားနှင့်ပျူစောထီး ပူးပေါင်း အင်အား ၅၀ ခန့် အထိုင်ချထားပြီး နိုဝင်ဘာလ ၁၉ ရက်၊နံနက် ၆နာရီ ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း Generation Z Power က ယနေ့ထုတ်ပြန်သည်။
“ သေတဲ့သူတွေကို ကားနဲ့ မန္တလေး ဘက်ကိုခေါ်သွားတယ်လို့သိရတယ်။ ပျူ ၂ ဦးကိုတော့ ညောင်ကုန်းရွာမှာ မီးရှို့လိုက်တယ်လို့ကြားတယ်။ ကျွန်တော်တို့အဖွဲ့တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ပါတယ်၊နောက်ထပ်တော့ ဆက်မသိရသေးပါဘူး။ အတိအကျကို စုံစမ်းနေဆဲပါ” ဟု Generation Z Power မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သုံးဆယ်ပေးရွာ တိုက်ပွဲတွင် လက်နက် ခဲယမ်း မလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မန္တလေး မဟာအောင်မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကပြောသည်။
“ ၆နာရီစတာ ၇နာရီထိ ၁ နာရီကြာတယ် ဗျ။ မိုးကလည်းရွာနေတာ။ မိုးကျတော့ ဒရုန်းက ၇ကြိမ်လောက်ပဲချခဲ့ရတယ်။၃ပုံ ၁ ရနေပြီ။ အပြတ်သိမ်းခါနီးမှ ကျည်မလုံလောက်တာရယ် ကားကြီး ၄ စီးနဲ့စစ်ကူရောက်လာတာမြန်တာနဲ့ ဆုတ်ခွာပေးလိုက်ရတယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ပွဲကြောင့် သုံးဆယ်ပေးရွာအပါအဝင် အနီးဝန်းကျင်ရှိ ရွာ၁၀ရွာမှာ ပြည်သူ ၈၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်းသိရသည်။
အဆိုပါတိုက်ပွဲကို Generation Z Power – GZP (Mandalay)၊ ပြင်ဦးလွင်ခရိုင် ပကဖ ၊ ပုသိမ်ကြီးပကဖ၊ မတ္တရာ ပကဖ၊ Thunderbird (LDF)၊ BRA ၊ကောင်းကင်တော်လှန်ရေးအင်အားစုနှင့် Shar Htoo War နည်းပညာ အဖွဲ့တို့ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားနှင့်ပျူစောထီးတို့ သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။