စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မစိုးရိမ်ရွာသို့ စစ်ကောင်စီတပ် အလစ်အငိုက်ဝင်ရောက်လာကာ PDFရဲဘော် ၂ ဦးနှင့် ပြည်သူ ၃ ဦးတို့ကို သတ်သွားကြောင်းသိရသည်။
ယင်းစစ်ကြောင်းသည် အောက်တိုဘာ ၃၀ ရက်၊နံနက်ပိုင်းက ဒီပဲယင်းမြို့ပေါ်မှ ရေဦးမြို့နယ်အနောက်ခြမ်း မစိုးရိမ်ကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ကာ ဝင်ရောက်လာစဉ် PDFတို့က မိုင်းဆွဲတိုက်ခိုက်ခြင်းခံရပြီးနောက် မုတ်စီရွာသို့ ပြန်လည်ထွက်ခွာ သွားကြောင်း ထို့နောက် ည ၁၀ နာရီခန့်တွင် မစိုးရိမ်ရွာသို့ အလစ်အငိုက် ပြန်လည် ဝင်ရောက်လာကာ PDFရဲ့ဘော်နှင့် ပြည်သူတို့အား သတ်သွားခြင်းဖြစ်ကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)ထံက သိရသည်။
” ဘယ်သူမှမသိလိုက်ကြတဲ့အချိန် မစိုးရိမ်ရွာကို အငိုက်ဝင်စီးတာခံလိုက်ရတယ်။ မစိုးရိမ်ရွာထိပ်က ကင်းစောင့်တော်လှန်ရေးရဲဘော် ၂ ဦးကို လည်လှီးဖြတ်သတ်သွားတယ်။ ကျေးရွာအတွင်းက ပြည်သူတွေဖမ်းဆီးခံလိုက်ရတယ်။ ဖမ်းဆီးခံရတဲ့ပြည်သူတွေထဲက ၃ ဦးလည်း ခေါင်းဖြတ် သတ်ဖြတ်ခံရတယ်” ဟု ၎င်းကပြောသည်။
အသတ်ခံရသူ ၅ ဦးစလုံးမှာ မစိုးရိမ်ရွာကဖြစ်သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင် သေးပေ။
ယင်းစစ်ကြောင်းသည် ယနေ့ (အောက်တိုဘာ ၃၁ ရက်နေ့)တွင် ဒီပဲယင်းမြို့သို့ ပြန်ဝင်သွားရာ မစိုးရိမ်ကျေးရွာမှ ပြည်သူ ၄၀ ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အောက်တိုဘာ၃၀ရက်၊နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က မစိုးရိမ်ရွာနားသို့ရောက်လာသော ယင်းစစ် ကြောင်း ကို မိုင်း၂ လုံးဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးထက်မနည်းသေဆုံးပြီး ၄ ဦးဒဏ်ရာရှိကြောင်း၊ ယင်းသေဆုံးနှင့် ဒဏ်ရာရစစ်သားများကို မုတ်စီကျေးရွာမှ ကား ၂ စီးဖြင့် ရေဦးမြို့ပေါ်သို့ ပြန်ပို့စဉ် မိုင်း ၁ လုံး ထပ်ဆွဲခဲ့ကြောင်း ရေဦး PDFက သတင်းထုတ်ပြန်သည်။
“ အင်အား ၁၀၀ ဝန်းကျင်လောက်ပါတယ်။ ထိတွေ့တိုက်ပွဲတော့မဖြစ်ခဲ့ဘူး။ ၂ ကောင်သေဆုံးတယ် လို့ ကနဦးသိရတယ်။ ၄ ကောင်လည်း ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ကောင်တွေကိုလည်း အထမ်း ၄ ထမ်းနဲ့ထမ်းသွားတာတော့တွေ့တယ်” ဟု ရေဦးPDF တာဝန်ရှိသူတဦးက ပြောသည်။
ယင်းစစ်ကြောင်းဝင်ရောက်လာမှုကြောင့် ရေဦးအနောက်ခြမ်းမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းေရှာင်ခဲ့ရပြီး ယနေ့ တွင် ဒေသခံအချို့ မိမိရပ်ရွာသို့ ပြန်ဝင်ကြပြီဖြစ်သည်။
မစိုးရိမ်ရွာမှာ ဒီပဲယင်းမြို့ပေါ်နှင့် ၁ မိုင်ခန့်သာဝေးသဖြင့် မစိုးရိမ်ရွာသားများ ရွာထဲသို့ ပြန်မဝင် နိုင်သေးသလို ဒီပဲယင်းမြို့နှင့်နီးသော အခြားရွာများမှ ဒေသခံများလည်း ပြန်မဝင်ရဲသေးကြောင်း ရေဦးပကဖ အဖွဲ့ဝင်တစ်ဦးကပြောသည်။




