မကွေးတိုင်း၊ ရေစကြိုမြို့မှ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး၊ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ CDSOM က ယနေ့ ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်များ၌ PDF ပူးပေါင်းတပ်များက မြေပြင်တိုက်ခိုက်မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
“ လောလောဆယ် သိရှိရတဲ့ စာရင်းအရဆိုရင်တော့ ၇ ဦးပေါ့နော်၊ အဲဒီထက်လည်း ပိုနိုင်ပါတယ်။ မြေပြင်မှာရော ဒရုန်းတွေရော နှစ်မျိုးစလုံးသုံးပြီး တိုက်ခိုက်ခဲ့တော့ အထိအခိုက်တော့ အတော်များပြီး ပြန်တောင်လှည့်သွားကြတယ်၊ ပစ်ကြတာကလည်း အဝေးကြီးမဟုတ်တော့၊ ၂၇ ရက်နေ့မှာတင်ပဲ ၃ကောင်လောက် ကျသွားတာကို မြင်ခဲ့ရတာမျိုးရှိ ပါတယ်။ ၂၈ရက်နေ့မှာလည်း ထိတွေ့တိုက်ပွဲက ၂နာရီခွဲလောက် ကြာအောင်ဖြစ်ခဲ့တယ်။ ပြီးတော့ ဒရုန်းနဲ့ ဆက်ပြီး တိုက်ခိုက်ခဲ့တော့ ထပ်ပြီး သေတာတွေလည်း ရှိတယ်” ဟု CDSOM မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် PDF ပူးပေါင်းတပ်များက မြေပြင်အခြေအနေကို တွက်ဆပြီး မိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြောင်မြို့သို့ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်သည် မြစ်သာရွာ ဘုန်ကြီးကျောင်းရှိ အလှူခံပုံးမှ အလှူငွေများကို ယူဆောင်သွားသည့်အပြင်၊ ပြည်သူများ၏ ပစ္စည်းများကိုလည်း ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း CDSOM ထံမှ သိရသည်။
မြောင်မြို့နယ်သို့ ဝင်ရောက်ခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းကို အောက်တိုဘာ (၂၇)ရက်တွင် မြစ်သာရွာအနီး၌ Sharr Htoo Wawနည်းပညာ Fixed Wings မောင်းသူမဲ့လေယာဉ်များကိုအသုံးပြု၍လည်းကောင်း၊ အောက်တိုဘာ (၂၈)ရက် မနက် ၉နာရီခွဲအချိန်မှ နေ့လယ် ၁၂နာရီအထိ မြေပြင်တွင် ထိတွေ့တိုက်ပွဲများ၊ မွန်းလွဲ ၁နာရီခွဲခန့်တွင် ဒရုန်းများ အသုံးပြုပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နေသော်လည်း လက်နက်ခဲယမ်း လိုအပ်ချက်များ ရှိနေကြောင်း၊ မြောင်မြို့နယ် ပလဖမှ ဆရာပြူးက ပြောသည်။
” အဓိကကတော့ လက်နက်ခဲယမ်းပါပဲ၊ ကျွန်တော်တို့က သူတို့လောက် မပေါဘူး။လက်နက်ခဲယမ်းစီးဆင်းမှု လမ်းကြောင်းတွေက ကျပ်တယ်။ ကျည်ဆိုလို့ဆိုရင် အခု တစ်တောင့်ကို တစ်သောင်းကျော်နေပြီ၊ ကျတော်တို့မှာက ထောက်ပံ့ပေးတာတွေ ဘာတွေလည်း မရှိဘူး။ လုံလုံလောက်လောက်နဲ့ ဖိဖိစီးစီးမျိုးသာ လုပ်မယ်ဆိုရင် မနေ့ကပွဲမျိုးမှာ သူတို့ အကုန်ပြုတ်တာပေါ့ “ ဟု ၎င်းက ပြောသည်။
အဆိုပါ တိုက်ပွဲများအား CDSOM ၏ အနောက်ပိုင်း Droneအဖွဲ့ 001၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ မြောင်မြို့နယ် ပလဖ၊ Wild Bird(ကောလင်း)၊ မြင်းခြံခရိုင်တပ်ရင်း (၂) – PDF TALOKE, MGN RANGER, MGN 21၊ မြင်းခြံခရိုင်တပ်ရင်း (၃)၊ Wolf Brothers၊ 11 Brothers Revolution Force ၊ Black Tiger, MGN 35၊ သွေးသောက်ရွှေလှံ၊ ကျေးရွာတပ်ပေါင်းစု မြောင်၊ နောင်ရိုးတပ်ဖွဲ့၊ LACR၊ BGF မြင်းခြံ၊ Dragon King၊ Young Men၊ 8 star မြင်းခြံ၊ 9 Brothers၊ Shwe Ao Revolution Force ၊ Justice Revolution Force စသည့် အဖွဲ့များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


