စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းရှိ PDF ထုတ်လုပ်ရေးစခန်းတစ်ခုကို စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ရာ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။
ယနေ့(အောက်တိုဘာ၂၅ရက်)နံနက် ၆ နာရီခန့်တွင် ယုန်လှေးကုန်းရွာ အနီးရှိ ဘုတလင်မြို့နယ် တိုက်နယ်(၈)၏ ထုတ်လုပ်ရေးစခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ကနီသားများ၏ရင်တွင်းအသံထံက သိရသည်။
” ဘုတလင်ကထွက်လာတဲ့စစ်ကြောင်းဗျ။မိုးရွာကြီးထဲ ကိုထွက်လာတာ။စခန်းကတော့ မီးရှို့သွားတယ်။ရဲဘော်တစ်ဦးကိုလည်းသတ်ဖြတ်သွားသေးတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦးက MPA သို့ပြောသည်။
စစ်ကောင်စီတပ်သည် ရွာအရှေ့ဘက်မှ ဝင်ရောက်လာခြင်းဖြစ်ပြီး စစ်တပ်က ပစ်ခတ်၍ ကင်းတာဝန်ကျ PDFရဲ ဘော် ကျဆုံးခဲ့ခြင်းဖြစ်သည်။
” တာဝန်ကျကင်းရဲဘော်က ရွာနားကို မသင်္ကာလို့ သေနတ်နဲ့ပစ်ဖောက်တာကို စစ်တပ်က ပြန်ပစ်တာ နံစောင်းဖောက်သွားပြီး ကျသွားတာပါပဲ” ဟု၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် ရွာထဲရှိ ဆိုင်ကယ် ၆ စီးကို မီးပုံရှို့ခဲ့ရာ ယုံလှေကုန်းရွာအထက်တန်းကျောင်း(ခွဲ)မှအဆောင်တစ်ဆောင်လည်း မီးကူးစက်လောင်ကျွမ်းသွားကြောင်း ဘုတလင်PDF ရဲဘော်တစ်ဦးကပြောသည်။
‘‘ကျောင်းက သန့်ရှင်းရေးမလုပ်တာကြာတော့ အမှိုက်တွေလည်းရှိနေတာ ။အဲ့ဒီအမှိုက်ကနေပဲ မီးကူးပြီး ဘေးကကျောင်းဆောင်တစ်ခု မီးလောင်သွားတယ်” ဟု ၎င်းကပြောသည်။
ဘုတလင်မြို့နယ်၌ ပြည်သူကာကွယ်ရေးစခန်းများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့သည်မှာ ၂ ကြိမ်ထက်မနည်း ရှိပြီဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်၂၈ ရက်နေ့ကလည်း ဘုတလင်မြို့နယ်၊စိုင်ပြင်ကျေးရွာအနီးရှိ PDFစခန်းတစ်ခုကို စစ်တပ်က ဝင်စီးခဲ့ပြီး PDFရဲဘော် ၃ ဦး အသတ်ခံခဲ့ရသည်။