မကွေးတိုင်း၊ ဆော – ဆိပ်ဖြူ လမ်းပိုင်းပေါ် မြေပြိုကျကာ လမ်းပိတ်နေမှုကို PDFနှင့် ပြည်သူတို့ ပူးပေါင်းပြုပြင်လျက်ရှိကြောင်း သိရသည်။
ဆော – ဆိပ်ဖြူ လမ်းပိုင်း နဂါးပွက်တောင်နှင့် ၄၄ မိုင်ကြား ၌ မိုးရွာသွန်းမှုကြောင့် မြေပြို၍ လမ်းပိတ်ဆို့နေမှုကို ပြုပြင်နေကြခြင်းဖြစ်ပြီး အောက်တိုဘာ၂၄ရက်ညက မိုးရွာသွန်းပြန်သဖြင့် မြေပြိုမှု ထပ်မံ ဖြစ်ပွားနေကြောင်း ဂန့်ဂေါ ခရိုင် အမှတ် ( ၆) တပ်ရင်း ကသတင်းထုတ်ပြန်သည်။
ထိုလမ်းပိုင်းတွင် အောက်တိုဘာ ၂၂ ရက်၊ ည ၇ နာရီ ၀န်းကျင်မှ စ၍ မြေပြို၍ လမ်းများ ပိတ်ဆို့နေသောကြောင့် ဂန့်ဂေါခရိုင် အမှတ် (၆) တပ်ရင်းနှင့် ပြည်သူတို့ ပူးပေါင်း ၍ ရှင်းလင်းခဲ့ရာ အောက်တိုဘာ ၂၃ ရက်၊ နံနက် ၁၀ နာရီ ၀န်းကျင်၌ လမ်း ပြန်လည် အသုံးပြုနိုင်ခဲ့ကြောင်း ထပ်မံ၍ အောက်တိုဘာ ၂၃ ရက် ညပိုင်း ၌ မြေပြိုကျ၍ ထပ်မံ ရှင်းလင်းပြီးနောက် ယနေ့(အောက်တိုဘာ ၂၅ ရက်)နံနက်ပိုင်းတွင် မြေပြိုကျပြန်သဖြင့် လမ်းထပ်မံ ပိတ်ဆို့နေ ကြောင်း သိရသည်။
“ လမ်းက ပိတ်သွားတော့ လမ်းလွှဲပေးလို့ မရဘူး၊ တစ်ဖက်က အလွန်တရာ နက်တဲ့ ချောက်ကြီးတွေ ၊တစ်ဖက်က တောင်ကမ်းပါးပေါ့ ။ကမ်းပါးတွေက နေ ပြိုကျလာတော့ လမ်းကို လုံးလုံး ပိတ်သွားတာပေါ့” ဟု လမ်းပြုပြင်မှု၌ ကိုယ်တိုင် ပါ၀င်သော ဂန့်ဂေါခရိုင် အမှတ်(၆) တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ ရဲဘော်မာဃ က MPA သို့ ပြောသည်။
ယနေ့နံနက်ပိုင်း တွင် လူအား ၊စက်အားဖြင့် ပြုပြင်နေသော်လည်း တောင်ပြိုကျမှု များသောကြောင့် သဲစာများတင် မက သစ်မြစ်များစွာပါ ပါ၀င်နေသည့်အပြင် အိကျ၍ ဆက်တိုက် ပြန်ကျနေသဖြင့် ဆိုင်ကယ်များသာ ဖြတ်သန်းနိုင်ကာ ကား သွားလာ၍ မရသေးကြောင်း သိရသည်။
“ ကားလမ်းမကြီးကတော့ ပြိုကျသွားတာ မရှိသေးဘူး၊ ဒါပေမဲ့၊ဘေးက တောင်က ဖြည်းဖြည်းချင်း အိကျပြီး ပြိုကျနေတာ ဖြစ်တဲ့ အတွက် တောင်ကို ဝိတ်လျော့တာမျိုး လုပ်ပြီးမှ ရှင်းမှ ရမယ် ထင်ပါတယ် ။ဒါကြောင့် နည်းပညာ ကျွမ်းကျင်တဲ့ သူတွေရဲ့ အကူအညီတွေကိုလည်း တောင်းထားပါတယ် “ ဟု ၎င်း က ပြောသည်။
လက်ရှိ မြေပြိုမှုမှာ တောင်ကြော တစ်လျှောက်လုံး မဟုတ်ဘဲ နဂါးပွက်တောင်နှင့် ၄၄ မိုင်ကြားရှိ တောင်ကမ်းပါးယံ ကွေ့ တစ်နေရာ၌သာ မြေပြိုကျ ပျက်စီးနေခြင်းဖြစ်သည်။
ယခင် အာဏာမသိမ်းခင် ကာလ များ၌ ထိုသို့ မြေပြိုနိုင်သောကြောင့် လမ်းဘေး တောင်များကို ဝိတ်လျှော့ ခြင်းများ ပြုလုပ်ထားသော်လည်း နှစ်ကြာလာသဖြင့် ပြန်လည် ပြုပြင်ရန် လိုအပ်နေခြင်း ဖြစ်သည်။
” ကျွန်တော်တို့လည်း အကောင်းဆုံးတော့ လုပ်နေပါတယ် ။လမ်းပိုင်းက ယာယီ ပြင်တာထက် ရေရှည် လုပ်မှ အဆင်ပြေမှာမို့ ကားတွေကိုတော့ ယာယီ ပိတ်ထားလိုက်တာပေါ့။ဒါပေမဲ့ ၊အရေးကြီးတဲ့ ကားသေးတွေဆိုရင်တော့ အဆင်ပြေသလို ဆွဲ ယူရအောင် ရဲဘော်တွေလည်း ရှိနေပါတယ်” ဟု ရဲဘော်မာဃကဆက်လက်ပြောသည်။
ဆော – ဆိပ်ဖြူ လမ်းမှာ ပခုက္ကူ၊ ပေါက်၊ဆိပ်ဖြူနှင့် စလင်း မှ လာသော ကားများ အဓိက အသုံးပြုနေသည့် လမ်းဖြစ်၍ အမြန်ဆုံး ပြုပြင် သွားမည် ဖြစ်ကြောင်း ၎င်း က ပြောသည်။
” အရင် မိုခါတုန်းကလည်း အဲနား တစ်ဝိုက်တွေ မှာ မြေပြိုပြီး လမ်းတွေ ပိတ်သွားဖူးတယ်။ ဆောကို လာတဲ့ကားတွေ၊ တောင်ပေါ်ကို တက်မဲ့ ကားတွေ က ဒီ လမ်းပဲ အဓိက သုံးရတော့ ခုလို မြေပြို လမ်းပိတ်ရင် အခက်အခဲ ဖြစ်ရတယ် ” ဟု ဆိပ်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါလမ်းပိုင်းတွင် ပြီးခဲ့သည့် ဇွန်လဝန်းကျင်၌ တစ်ကြိမ်နှင့်ဩဂုတ်၌ တစ်ကြိမ် တောင်ပြိုကျမှုကြောင့် လူအား၊ စက်အားဖြင့် ပြုပြင်ခဲ့ရဖူးသည်။







