မည်သည့် ဒရုန်းမှလာမရဟု ကြွေးကြော်ထားသည့် မြဝတီမြို့နယ်အတွင်းရှိ သင်္ဃန်းညီနောင်ဗျူဟာကုန်းနှင့် ရဲစခန်းကို ယမန်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မတ်လ ၃၀ရက်နေ့၊မနက်ပိုင်းက သင်္ဃန်းညီနောင်ဗျူဟာကုန်းနှင့် သင်္ဃန်းညီနောင်ရဲစခန်းတို့ကို Federal Wingsတပ်ဖွဲ့က ပျံသန်းမှု ၃ ကြိမ်ပြုလုပ်ကာ ဗုံး ၆လုံးကြဲချခဲ့ကြောင်း Federal Wings တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ စကစရဲ့ ဗျူဟာမှူးက သူတို့ဗျူဟာကုန်းကို ဘယ်ဒရုန်းမှ လာမရဘူးလို့ ကြွေးကြော်ထားတာပေါ့။ အဲ့ဒါမို့ မနေ့ကတိုက်ခိုက်ခဲ့တာပါ။ အသေးစိတ်ကိုတော့ Cobra ကနေ သတင်းထုတ်ပြန်ပါလိမ့်မယ်” ဟု ၎င်းကပြောသည်။
မတ်လ ၃၀ရက်နေ့၊မနက်ပိုင်းက သင်္ဃန်းညီနောင်ဗျူဟာကုန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး ကြဲချခဲ့ပြီး သင်္ဃန်းညီနောင်ရဲစခန်းအတွင်းသို့ ဒရုန်းဖြင့် ၂ကြိမ်ပျံသန်းကာ ဗုံးသီး ၄လုံး ကြဲချခဲ့ကြောင်း သိရသည်။
“ မနေ့ကတိုက်တာပေါ့။အကျအဆုံးကိုတော့ သေချာမသိရဘူး။မနေ့က ပျံသန်းမှု ၃ကြိမ်ပြုတယ်။ညီနောင်ရဲစခန်းကို လေးလုံးကျပြီး ညီနောင်ဗျူဟာကုန်းကို နှစ်လုံးကျတယ်” ဟု ၎င်းကပြောသည်။
Federal Wingsတပ်ဖွဲ့သည် မတ်လ ၂၈ရက်နေ့ကလည်း ဒရုန်းတိုက်ခိုက်မှု ၅ကြိမ်ပြုလုပ်ကာ ညီနောင်ဗျူဟာကုန်းအား ဗုံး ၇လုံးကြဲချခဲ့ပြီး မြဝတီကုန်သွယ်ရေးဇုန်အနီးရှိ BGFကုန်းကို ဗုံး ၁၂လုံးကြဲ ခဲ့သေးကြောင်း သိရသည်။
လက်ရှိတွင် မြဝတီ-ကျုံဒိုး လမ်းပိုင်းတွင် ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊Federal Wings ၊ကျားဖြူစစ်ကြောင်းအပါအဝင် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။