မြဝတီကုန်သွယ်ရေးဇုန်မှ သိမ်းဆည်းရရှိသည့် လက်နက်များမှာ ကော်ဘရာစစ်ကြောင်းအတွက် မလုံလောက်သဖြင့် ထပ်မံပေးအပ်ရန် စစ်တပ်နှင့် BGF များအားမေတ္တာရပ်ခံပါသည် ဆိုသော သရော်စာကို ကော်ဘရာ စခန်း၌ ရေးသားချိတ်ဆွဲ ထားသည်။
မတ်လ၂၅ရက်နေ့ တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့များထံက လက်နက်များ သိမ်းဆည်းရရှိပြီးနောက် ယင်းသို့ ရေးသားထားခြင်းဖြစ်သည်။
” ကျွန်တော်တို့ ဒီတိုက်ပွဲပြီးသွားတဲ့အခါမှာ သူတို့ဒီ စကစနဲ့ BGFကို ကျွန်တော်တို့ညီလေးတွေနဲ့ သရော်ထားတဲ့ positionလေးပေါ့။စိတ်ထားမှာပေါ်လာတဲ့အကြံလေးတစ်ခုကို ချရေးမိတဲ့စာလေးတစ်ခုပါ။သူတို့အနေနဲ့လည်း ထပ်ပြီးလာလှူကြပါလို့ သရော်လိုက်တဲ့စာလေးပါ” ဟု Cobra Colum မှ ရဲဘော် ကိုရှိုင်းကပြောသည်။
မတ်လ၂၅ရက်နေ့က ကရင်ပြည်နယ်၊ မြ၀တီ ကုန်သွယ်ရေးဇုန်ကို ကော်ဘရာတပ်ဖွဲ့ဝင်အင်အား ၂၀ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိခြင်းနှင့် သေဆုံးခြင်း များရှိခဲ့သည်။
မတ်လ ၂၅ ရက်နေ့၊ နံနက် ၅ နာရီခွဲခန့်မှစတင်၍ မွန်းလွဲ ၁ နာရီအချိန်အထိ ၇ နာရီကျော်ကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွင် စစ်သား (၁၁) ဦး သေဆုံးကာ (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်နှင့်စစ်အသုံးအဆောင်ပစ္စည်းများရရှိခဲ့ကြောင်းရဲဘော် ကိုရှိုင်းက ပြောသည်။
AK-Rifle (၇) လက်၊ AK စက်လက် (၁) လက်၊ G3- Rifle (၇) လက်၊ UZI (၁) လက်၊ ရဲဦးထုပ် (၂) လုံး၊ AK ကျည် (၁၉၆) တောင့်၊ G3 ကျည် ဘောက် (၈) ဘောက်၊ G3 ကျည် (၃၈၅) တောင့်နှင့် UZI 9mm ကျည် (၁၀၄) တောင့်တို့ကို ကုန်သွယ်ရေးဇုန် တိုက်ပွဲအပြီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့က ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ နှင့် Federal Wings ပူးပေါင်းတပ်ဖွဲ့တို့ သည် မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
