မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အား ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings စသည့် ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ သေဆုံးသူများရှိပြီး ဖမ်းဆီးရမိသူများလည်း ရှိခဲ့သည်ဟု စစ်ဒေသခွဲ အမှတ် (၃) က ထုတ်ပြန်ထားသည်။
မတ်လ ၂၅ ရက်နေ့၊ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်မှစတင်၍ နေ့လယ် ၁ နာရီအချိန်အထိ ၇ နာရီကျော်ကြာ နှစ်ဘက်ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ (၁၁) ဦး သေဆုံးကာ (၃) ဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီး၊ တပ်ကြပ်နှင့် ဒုရဲမှူးအပါအဝင် (၈) ဦးအား ဖမ်းဆီးရမိပြီး AK-Rifle (၇) လက်၊ AK စက်လက် (၁) လက်၊ G3- Rifle (၇) လက်၊ UZI (၁) လက်၊ ရဲဦးထုပ် (၂) လုံး၊ AK ကျည် (၁၉၆) တောင့်၊ G3 ကျည် ဘောက် (၈) ဘောက်၊ G3 ကျည် (၃၈၅) တောင့်၊ UZI 9mm ကျည် (၁၀၄) တောင့်၊ ဖုန်း (၂) လုံး၊ နာမည်ရင်ထိုး (၁) ခုနှင့် ပုခုံးပွင့် (၂) ခု စသည့်အသုံးအဆောင်ပစ္စည်းများအားလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် (၁) ဦး ကျဆုံးကာ (၂) ဦး မစိုးရိမ် ဒဏ်ရာရရှိခဲ့ပြီး ဒရုန်းနှစ်စင်း ပျက်စီးဆုံးရှုံးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်ဖြင့် အသိပေးထားသည်။