မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ပြည်သူတို့၏ ကောက်ပဲသီးနှံ လုယက်လာသည့် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
မတ်လ ၂၉ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ပခုက္ကူမြို့သို့ ကောက်ပဲသီးနှံများ ပို့ဆောင်ရန် ထွက်ခွာလာသည့် စစ်သားနှင့်ပျူစောထီး ၈၀ ခန့်လိုက်ပါလာသော ကားအစီး ၂၀ ကျော်ကို ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာနှင့်ညောင်ဂျစ်ပင်ကျေးရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ)တပ်ရင်း-၁ ထံကသိရသည်။
“ရွာတွေကနေ ပစ္စည်းတွေသယ်နေတဲ့ ပျူ ကားတန်းကို ဆွဲတာ။၈ စီးမြောက်ကားကို ထိတယ်။ ပျူတွေကများတယ်။ စစ်သားက ၇ယောက် ၈ယောက်ပဲပါတာ။ ပျူတွေက အတော်ဆိုးနေတာ။ သေဆုံးမှုတော့ ရှိနိုင်တယ်။ သေချာမသိရဘူးဒဏ်ရာရတာကတော့ ၈ ဦး ရှိတယ်လို့ ကျနော်တို့သိရတယ်။ ပခုက္ကူဆေးရုံနဲ့ တပ်မ ၁၀၁ မှာ ဒဏ်ရာရတဲ့ကောင်တွေကိုထားတယ်လို့ ပြန်သိရတယ်။ လုယက်လာတဲ့ ပစ္စည်းတွေကို ပခုက္ကူမြို့ထဲ သယ်တာပဲသိတယ်။ ဘယ်မှာ ထားတယ်ဆိုတာတော့ ကျနော်တို့လည်း အလှမ်းဝေးတာရယ်ကြောင့် မသိရဘူး”ဟု မြိုင်(ပကဖ)တပ်ရင်း-၁ တာဝန်ခံ ဗိုလ်လက်ယာက ပြောသည်။
ယနေ့နံနက် ၉နာရီခွဲခန့်ကလည်း ဂန့်ဂေါမြို့မှ ပခုက္ကူ သို့ ဆင်းလာသော ၁၀ ဘီးကား နှင့် Light Track ကား ကို ရှေ့ထွက်လခြမ်းမိုင်းပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်တွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိနိုင်သော်လည်း တိ့ကျသည့်စာရင်းထုတ်ပြန်နိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုများကို မြိုင်(ပကဖ)တပ်ရင်း-၁ နှင့် Black Cobra တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မတ်လ ၁၈ ရက်နေ့ကလည်း မြိုင်မြို့နယ် ကန်နက်ရွာအနီးတွင် စစ်သားများကို မြိုင်(ပကဖ)တပ်ရင်း-၁ နှင့်မဟာမိတ်တပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့သေးသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။