မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တကောင်းတိုက်နယ်တွင် ကျောက်စိမ်းများသယ်ဆောင်လာသော စစ်ယာဥ်တန်းကို မိုင်း ၂ကြိမ် ဆွဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦးသေဆုံးပြီး စစ်ကား၁စီးပျက်စီးသွားကြောင်း တကောင်းပ.က.ဖ က ထုတ်ပြန်သည်။
ယနေ့ နံနက် ၁၀နာရီ ၅၃ မိနစ်ခန့်တွင်တကောင်းတိုက်နယ်၊ ၄မိုင်ရွာ၊ ရွာလယ်ချောင်းတံတားအနီး၌ မိုင်း ၂လုံးဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကား ၁ စီးထိမှန်၍ ပျက်စီးသွားသည်။ ဆက်လက်မောင်း နှင်သွားသည့် စစ်ယာဥ်တန်းများကို ၁၀နာရီ ၅၅မိနစ်ခန့်တွင် မိုးကောင်းဘုရား အနီး ၌ မိုင်း ၆ လုံးဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဖားကန့်ကို စစ်အင်အားချပြီး ကျောက်စိမ်းတွေ ပြန်သယ်လာတဲ့ ကားတန်းကို မိုင်း ၂ ကြိမ်ဆွဲတာ။ရွာလယ်ချောင်းနားမှာ အရင်ဆုံးစဆွဲတာ ကား ၁စီးပျက်ပြီး အဲ့နေရာမှာပဲ ထားခဲ့တယ်။ဒီကောင်တွေပြန်မပစ်ဘူး၊ ဆက်မောင်းသွားတာ။ကျနော်တို့က မိုးကောင်းဘုရားနားမှာ မိုင်း ၆ လုံးနဲ့ထပ်ဆွဲတာ အဲ့နေရာမှာက အတော်များများ သေကြတယ်”ဟု တကောင်း(ပကဖ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် ပျက်စီးသွားသည့် စစ်ကားကိုမိုင်းဆွဲခံရသည့် နေရာမှာပင် ထားခဲ့၍ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူများကို တကောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို တကောင်းမြို့နယ်(ပကဖ)နှင့်အတူ လျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
ယမန်နေ့ မွန်းလွဲ ၁နာရီခွဲခန့်ကလည်း တကောင်းတိုက်နယ်၊ မြနန္ဒာရွာအနီးတွင် စစ်ကား ၆ စီးပါ ယာဥ်တန်းကို တကောင်းပကဖ ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သေးသည်။