တောင်ငူ လေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေကာ ရဟတ်ယာဉ် တစ်စီးပျက်စီးသွားကြောင်း Bago Region PDF ကထုတ်ပြန်သည်။
မတ်လ ၂၇ရက်နေ့က KNLA နှင့် PDFတပ်ဖွဲ့တို့ပူးပေါင်းကာ Rain Of Fire စစ်ဆင်ရေးအဖြစ် ပဲခူးတိုင်း၊ တောင်ငူမြို့ မြောက်ဘက်ရှိ စစ်ကောင်စီတပ်၏ တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုန်း ၄လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Bago Region PDF ၏ သတင်းပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။
“ ဖက်စစ်တော်လှန်ရေးနေ့၊မတ်လ ၂၇ရက်နေ့မှာ ရှော့တိုက်ဒုံးလေးလုံးနဲ့ ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့ကတိုက်တာပါ။ လေတပ်စခန်းအတွင်းက ဗုံးဂိုထောင်နဲ့ ဆီလှောင်ကန်အနီးက လေယာဉ်ဂိုထောင်အနီးကို ဒုံးကျလာတာပါ။ မီးခိုးတွေအူထွက်လာတာကိုတွေ့ရတယ်” ဟု ၎င်းက ပြောသည်။
အထက်ပါတိုက်ခိုက်မှုအတွင်း စစ်သားများသေဆုံးမှုနှင့် ရဟတ်ယာဉ်တစ်စီး ထိခိုက်ပျက်စီးသွားကြောင်းကို ဒေသခံများနှင့် တပ်တွင်းနှင့်နီးစပ်သော သတင်းရင်းမြစ်တို့၏ အခိုင်အမာပြောကြားချက်အရ သိရသည်ဟု Bago Region PDF ကဆိုသည်။
စစ်သားသေဆုံးမှုနှင့်ရဟတ်ယာဉ်ပျက်စီးခြင်းကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့များက လေတပ်အနီးရှိ ဒိုးအင်းကျေးရွာအတွင်းသို့ အင်အားအသင့်အတင့်ဖြင့်ဝင်ရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။
“ ကားတွေဆိုင်ကယ်တွေနဲ့ ပေါက်ကွဲမှု ပြီးပြီးချင်း ရောက်လာကြတာ။ ဒေသခံတွေ ဖမ်းဆီးခံရတယ်လို့တော့ မကြားမိဘူး။ သူတို့ဘက်က ဒီအတိုင်းလာစစ်ဆေးပြီး ဘာမှမတွေ့လို့ ပြန်သွားတယ်” ဟု ၎င်းက ပြောသည်။
မတ်လ ၂၅ရက်နေ့ကလည်း တောင်ငူလေတပ်စခန်းဌာနချုပ်ကို Rain Of Fire စစ်ဆင်ရေးအဖြစ်ရှော့တိုက်ဒုန်း(၄)လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ရှော့တိုက်ဒုံး၂ လုံးမှာ ဝန်ထမ်းလိုင်းခန်း မြောက်ဘက်တောစပ်နှင့် လေယာဉ်ပြေးလမ်း အနောက်မြောက်ထောင့် ဖြူးကန်ဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် တောင်ငူလေတပ်စခန်းဌာနချုပ်အတွင်း ကတုတ်ကျင်းနှင့် ဗုံးခိုကျင်းများတူးကာ လုံခြုံရေးအဆင့်မြှင့်မှုများလုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရသည်။