အပတ်စဉ် ၄ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲကို မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပခဲ့သည်။
အပတ်စဉ် ၄ သင်တန်းဆင်းပွဲကို မတ်လ ၂၇ရက်နေ့က မကွေးတိုင်းတစ်နေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်းသင်တန်းဆင်းပွဲသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ကွပ်ကဲရေးမှူးများ၊ တပ်ရင်းအသီးသီးမှ တပ်ရင်းမှူး၊ ဒုရင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းသားများက PDF သီချင်းများ သံပြိုင်ရွတ်ဆိုကြကာ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံကျေးရွာများက စိတ်ဓာတ်မြှင့်တင်ရေး အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်း သင်တန်းတွင် လက်နက်ငယ်၊ လက်နက်ကြီး ကျွမ်းကျင်မှုဘာသာရပ်များ၊ Drone နှင့်စနိုက်ပါ သင်တန်းများကိုပါ ထည့်သွင်းသင်ကြားပေးခဲ့သည်။
အပတ်စဉ် ၄ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းဆင်းပွဲသို့ NUGကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားကာ လက်နက်ပေးအပ်ခြင်း အစီအစဉ်များဆောင်ရွက်ခဲ့ကြောင်း သိရသည်။




