စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းရွာထိပ်တွင် စခန်းချထားသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း People’s Knight Defense Force-MMUက ထုတ်ပြန်သည်။
မတ်လ ၂၈ ရက် ၊မွန်းလွဲ ၂ နာရီ၄၄မိနစ်ခန့်တွင် ဘိုးမင်းကြီးကင်းရွာထိပ် စျေးဆိုင်တန်း၌ တပ်စွဲနေသော စစ်သားများကို ၆၀မမ ဖြင့် ၅ လုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုများရှိနိုင်ကြောင်းထုတ်ပြန်ထားသည်။
“စစ်သားတွေက ဘယ်လောက်ရှိတယ်ဆိုတာ ပြောဖို့ခက်တယ်။သူတို့က ရွာထိပ်က စျေးဆိုင်တန်းမှာရော ရွာထဲမှာရော လူမရှိတဲ့အိမ်တွေမှာ နေတာ။ကျနော်တို့က ရွာထိပ် စျေးဆိုင်တန်းက စစ်သားတွေကိုသွားပစ်တာ။အဲ့က ကောင်တွေက လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးတာ ပိုက်ဆံတောင်းတာလုပ်လေ့ရှိတယ်။၅လုံးပစ်တာမှာ ၃ လုံးက နေရာကိုတည့်တည့်ထိတယ်။ပထမ ၁ လုံးက ဝေးတော့ စစ်သားတွေဆီမရောက်ဘူး နောက်ဆုံးအလုံးကလည်း သူတို့ကပြန်ပစ်တော့ ဆုတ်တဲ့အချိန်ပြန်ပစ်ရတာမို့ မထိဘူး”ဟု PKDF-MMU မှတာဝန်ခံ ဗိုလ်အေးချမ်းကပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို People’s Knight Defense Force-MMU နှင့် Black Eagle Defense Force(MMU)၊Dog Killers Defense Force(PKDF-MMU)၊D.B.B.F-MMUတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူအများစု စစ်ကြောင်းထိုးလာမည်ကို စိုးရိမ်၍ တောတောင်များအတွင်း စစ်ဘေးရှောင်နေရကြောင်း ၎င်းကဆိုသည်။
မတ်လ ၂၁ ရက်နေ့ကလည်း ညနေ ပိုင်းကလည်း မြင်းမူမြို့နယ် ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြားတွင် PKDF-MMU က စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။