အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယင်းစာမေးပွဲကို NUG ၏ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ခြောက်ရက်ကျင်းပခဲ့သည်ဟု ဆိုသည်။
“နယ်မြေခံစစ်ကြောင်းက ရဲဘော်တွေ စာမေးပွဲဖြေနေချိန်မှာ လုံခြုံရေး ယူပေးထားတယ်။ ပြီးတော့ ဆေးအဖွဲ့တွေလည်း စီစဉ်ပေးပါတယ်”ဟု ယင်းနယ်မြေတွင်ရှိသည့် သတင်းအရင်းအမြစ်က MPA သို့ ရှင်းပြသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ PDF ရဲဘော်၊ ရဲမေများနှင့် ဒေသခံပြည်သူများမှ ဝင်ရောက်ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။
ယင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲအား Grade အဆင့်များသတ်မှတ်ပြီး အတန်းပြီးဆုံးကြောင်း လက်မှတ်ထုတ်ပေးမည်ဖြစ်သည်ဟု ကနဦး စုံစမ်းသိရှိရသည်။
နယ်မြေခံ စစ်ကြောင်းမှ PDF ရဲဘော်များက စာမေးပွဲဖြေဆိုသည့် ကာလအတွင်း ဝင်ရောက်ဖြေဆိုသည့် ရဲဘော်၊ ရဲမေများ၏ လုံခြုံရေးသာမက ဒေသခံပြည်သူများအတွက် လုံခြုံရေးနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများအတွက်ပါ စနစ်တကျစုဖွဲ့ပြင်ဆင်ပြီး လုံခြုံရေး ရယူခဲ့ကြသည်ဟု စုံစမ်းသိရှိရသည်။
“ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်၊ ရဲမေများနဲ့ ဒေသခံပြည်သူတွေက စာမေးပွဲဖြေဆိုပြီးနောက်နေ့မှာ စာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေနဲ့ တာဝန်ရှိသူတွေကို ဦးညွတ်ကန်တော့ခဲ့ကြတယ်”ဟု MPA ၏ သတင်းအရင်းအမြစ်က ဆက်လက်ရှင်းပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုသူ တစ်ရာကျော် ရှိခဲ့သည်ဟု စုံစမ်းသိရှိရပြီး ယခုမှာ ပထမအသုတ်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များ၏ ပညာသင်ယူမှု အခွင့်အရေးကို မဆုံးရှုံးစေရန်နှင့် လူငယ်များ၏ ပညာ သင်ယူလိုစိတ် မပျောက်စေရန်အတွက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်ဟုလည်း စုံစမ်းသိရှိရသည်။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ တွင် ကျင်းပသည့် ယင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် ပထမဆုံးဖြစ်သည်။