ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ယာဉ်ထိန်းရဲများ ဗုံးဖြင့် အထုခံရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၁၀နာရီခန့်က တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ဝင်းဘရားသား မှန်အလူမီနီယံ ဆိုင်ရှေ့တွင် လမ်းရှင်းလင်းရေးပြုလုပ်နေသည့် ယာဉ်ထိန်းရဲမေတစ်ဦး ဗုံးထိမှန်ကာ ဝဲပုခုံး ပေါက်ပြဲဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ မနက်ကဖြစ်တာ။ ဗုံးက တာမွေခုံးတံတားပေါ်ကနေ ပစ်ချသွားတာ။ အောက်က ယာဉ်ထိန်းရဲသုံးဦးထဲက ရဲမေတစ်ဦးထိသွားတယ်။ သေတော့မသေဘူး။ မနက်က ရဲတွေအများကြီးရောက်လာပြီး စစ်ဆေးတာတွေလုပ်နေတယ်” ဟု တာမွေမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
ဗုံးနှင့်အပစ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာကာ တာမွေ Ocean ရှော့ပင်းစင်တာထိပ်မှ ကျောက်ကုန်းမီးပွိုင့်နားအထိ ယာဉ်ထိန်းရဲများချ၍ ကားများကိုတင်မက လမ်းသွားလမ်းလာများကိုပါ စစ်ဆေးခဲ့ကြောင်း ၎င်းက ပြောသည်။
“ ဒီနေ့မနက် ၁၀နာရီ ၄၀လောက်က ရဲတွေရော စစ်သားတွေရော အယောက် ၄၀လောက်ရှိတယ်။လွယ်အိတ် လွယ်ပြီး Mask တပ်ထားတဲ့ လူတွေကို အကုန်စစ်တယ်။ တံတားကိုတော့ မပိတ်ပါဘူး။မော်တော်ပီကယ်တွေလည်း အများကြီးပဲ။ နေ့လည် ၁၂ နာရီ လောက်ထိစစ်တာ။ တာမွေခုံးတံတားအောက်က ဖြတ်တဲ့လူတွေကို အကုန်စစ်တာ။ လူကြီးတွေပါစစ်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းသို့ စစ်ဆေးမှုများရှိသော်လည်း တစ်ဦးတစ်ယောက်မျှ ဖမ်းဆီးခြင်းခံရသည်ဟု မကြားမိကြောင်း
၎င်းကဆိုသည်။
မည်သည့်အဖွဲ့အစည်းက ဗုံးနှင့်တိုက်ခိုက်သလဲဆိုသည်ကိုမူ MPA က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဗုံးထိမှန်ခဲ့သည့် ယာဉ်ထိန်းရဲမေသည် ရဲမေ စုစန္ဒီစိုး ဆိုသူဖြစ်ပြီး လက်ရှိတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။