ကရင်နီပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ် ဘီပီ ၁၁ခြေကုပ်စခန်းကို ကရင်နီတပ်မတော် (KA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၄ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်၏ ဘီပီ ၁၁ခြေကုပ်စခန်းကို KA အမှတ်(၅)တပ်ရင်းနှင့် တပ်ပေါင်းစု အဖွဲ့များ ပူးပေါင်းကာ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ ဒီစခန်းကို သိမ်းတဲ့အချိန်မှာ ရဲဘော် ၃ဦး ကျဆုံးခဲ့တယ်။ဒီစခန်းကို သိမ်းနိုင်ခဲ့တယ်ဆိုပေမယ့် တပ်စွဲထားတာမျိုးမရှိပါဘူး။ ဒီအတိုင်းထားထားတာပေါ့။ စခန်းသိမ်းတော့ စစ်ခွေးတွေက ထွက်ပြေးသွားကြတာ” ဟု ၎င်းက ပြောသည်။
ဘီပီ ၁၁ခြေကုပ်စခန်းကို သိမ်းယူစဉ် စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ် ၁၀ စီး ထက်မနည်း လာရောက်ကာ ဝေဟင်မှ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ကျဆုံးသူတွေလည်းရှိတယ်။ ကျွန်မတို့ဘက်ကလည်း ကျတယ်။ သိမ်းဆည်းရမိတာတွေလည်းရှိပါတယ်။ လုံခြုံရေးအခြေအနေအရ မထုတ်ပြန်သေးတာပါ။ စစ်တပ်ဘက်က ကရင်နီဘက်မှာ ဂျက်ဖိုက်တာတွေသုံးပြီး တိုက်နေတဲ့အထိ စစ်ရေးက တင်းမာနေတုန်းပါ” ဟု KNDFတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။
လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။