ပဲခူးတိုင်း၊ကဝမြို့နယ်အတွင်း ညကင်းလှည့်ပြီးဘီယာဆိုင်၌ နားနေသော ရဲတပ်ဖွဲ့ဝင်များကို အလစ်ငိုက်တိုက်ခိုက်ခဲ့ရာ နယ်ထိန်း၁ ဦးသေဆုံးပြီး စခန်းမှူးအပါအဝင် ၄ ဦးထက် မနည်း ပြင်းထန်ဒဏ်ရာရ ခဲ့ကြောင်းသိရသည်။
မတ်လ ၂၆ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန်ဝန်းကျင်တွင် ကဝမြို့နယ်၊အုန်းနှဲကျေးရွာအုပ်ချုပ်ရေးမှူးပိုင်ဆိုင်သော အာကာမိုးစားသောက်ဆိုင်ရှေ့၌ ညကင်းလှည့်ပြီးအပြန် ခေတ္တနားနေသောအုန်းနှဲရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်၈ဦးကို Kawa PDF က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Kawa People Defense Force ကထုတ်ပြန်သည်။
“လှည့်ကင်းကို အလစ်ငိုက်ယူဝင်တိုက်တာပါ။ခြုံခိုတိုက်ခဲ့တာမဟုတ်ပါဘူး။သူတို့က စားသောက်ဆိုင်မှာ နားနေတာ။သူတို့တွေက ထိုင်ပြီးနားနေတဲ့သူနဲ့ ဘိလိ့ယပ်ထိုးနေတဲ့သူနဲ့ အေးအေးဆေးဆေးနေနေတဲ့သဘော။ကျနော်တို့က သူတို့အုပ်စုရှိတဲ့နေရာကို နာနတ်သီး(ဗုံး) ၁ လုံးအရင်ဆုံးပစ်လိုက်တယ် ပြီးမှ သေနတ်နဲ့ဝိုင်းပစ်ကြတာ။နယ်ထိန်း ပြောင်ကြီး နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်။သူတို့ကလည်း ပြန်တော့ခုခံပစ်ခတ်သေးတယ်။ကျနော်တို့က အသာစီးရတာဆိုတော့ သူတို့လည်း အကြာကြီး ပြန်မပစ်နိုင်ဘူး ထွက်ပြေးသွားတယ်”ဟု Kwa PDF မှတာဝန်ရှိသူတစ်ဦး ကပြောသည်။
တိုက်ပွဲအပြီးတွင် သေဆုံးသွားသူနယ်ထိန်းနိုင်ဦး(ခ)ပြောင်ကြီး နှင့် ဒဏ်ရာရရှိသူများကို အုန်းနှဲတိုက်နယ်ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်သွားပြီး ပိတ်ဆို့စစ်ဆေးမှုများကိုပြုလုပ်ခဲ့ကြောင်းသိရသည်။
ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
ထို့ပြင် ကဝမြို့နယ် ၊ သက္ကလမြို့၊ ရွှေပြည်အေးရပ်ကွက် သက္ကလရဲစခန်းရှေ့တွင်လည်း ကဝမြို့နယ်ပကဖ က စစ်ကူလာမည့်စစ်သားနှင့်ရဲများအား မိုင်းခွဲခဲ့ရာ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းအတွင်းမှ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကာ စခန်းအပြင်ဘက်သို့ ထွက်မလာရဲတော့ပေ။
၎င်းမိုင်းခွဲတိုက်ခိုက်မှုကြောင်း စစ်သားနှင့်ရဲတို့ ထိခိုက်မှုမရှိဘဲ သက္ကလရဲစခန်းရှေ့ရှိ ဓာတ်တိုင်ကွဲသွားခဲ့သည်ဟု သိရသည်။