တော်လှန်ရေးနေ့ဖြစ်သော ယနေ့တွင် ကျွမ်းကျင်ပညာသည်တို့၏ အကူအညီဖြင့် မင်းအောင်လှိုင် ခေါင်း ပြတ်ပုံစံ အစီအရင်ပြုလုပ်ကာ ကျိန်စာတိုက်ခဲ့ကြောင်း Yangon Revolution Force – YRF ကထုတ်ပြန်သည်။
စစ်တပ်၏ ဖမ်းဆီးမီးရှို့သတ်ဖြတ်ခြင်း ခံနေရသော အညာပြည်သူများ၏ ခံစားချက်အဆပေါင်းများစွာကို ၄င်းတို့ပြန်ခံစားစေရန် ရည်ရွယ်ကာ မင်းအောင်လှိုင်၏ ခေါင်းပြတ်ပုံစံ အစီအရင်များပြုလုပ်လှုပ်ရှားခဲ့ကြောင်း YRF၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယနေ့ မတ်လ ၂၇ရက်နေ့တွင် ကျရောက်သည့် တော်လှန်ရေးနေ့၌ အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါများ အူလှိုက်သည်းလှိုက် ကြောက်ရွံ့တတ်သော ကျိန်စာတိုက်အစီအရင်များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
“ ဒီနေ့နေပြည်တော်မှာ အာဏာရူးစစ်တပ်က အမည်ပြောင်း ပေးထားတဲ့ တပ်မတော်နေ့ဆိုပြီး အခမ်းအနား တွေကို ပြုလုပ်နေကြတယ်။ကျွန်တော်တို့က စစ်တပ်ရဲ့ ကျဆုံးချိန်၊နေဝင်ချိန်ကို ရည်ရွယ်ပြီး အခုလိုစီမံလုပ်ဆောင်တာပါ” ဟု YRF တာဝန်ရှိသူတစ်ဦးက ပြောသည်။
မင်းအောင်လှိုင်၏ ခေါင်းပြတ်ပုံစံ အစီအရင်များနှင့်ပတ်သက်ပြီး တတ်ကျွမ်းနားလည်သည့် ပညာသည်များ၏ အကူအညီဖြင့် မင်းအောင်လှိုင်၏ မွေးနံထောင့်တွင် န၀င်းကိုက်ထားရှိပြီး ကျိန်စာများ၌ အကြမ်းဆုံးဟု ဆိုကြသည့် “ မင်းနန်သူ” ကျိန်စာ အစီအရင်ဖြင့် သက်စေ့ ရွတ်ဖတ်ကျိန်ဆိုခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ အကြမ်းဖက်စစ်တပ်ကြောင့် ကျဆုံးသွားရတဲ့ ပြည်သူကိုးဦးတို့ကို မြှုပ်နှံ့ထားတဲ့ နေရာတွေက မြေမှုန်တွေနဲ့ ကိုးရက် ကိုးညတိုင်တိုင် အဓိဌာန်ပြု စီရင်ထားတာပါ။ အစီအရင်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။
လုံခြုံရေးအခြေအနေအရ ဖော်ပြခြင်းမပြုသည့် နေဝင်ချိန်တစ်ခုတွင် မင်းအောင်လှိုင်နှင့် ဓာတ်တူနံသက်တူသောအရပ်ရှိ အမှိုက်ပုံတစ်ခုသို့ သွားရောက်ကာ အညာဒေသခံ ပြည်သူတစ်ဦးကဲ့သို့ ၀တ်စားထားသည့် YRF ရဲဘော် တစ်ဦးက မင်းအောင်လှိုင်၏ ခေါင်းပြတ်ပုံစံ အစီအရင်အား ခုံဖိနပ်ဖြင့် နင်းချေကာ အစီအရင်အား အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြောင်း သိရသည်။