တိုက်ပွဲများပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် ယနေ့မှစပြီး ကျုံဒိုးနှင့် မြဝတီမြို့နယ်ကြား မည်သည့်အကြောင်းနှင့်မျှ ဖြတ်သန်းသွားလာခြင်းလုံးဝမပြုရန် ကျားဖြူစစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်ကျော်သက်က မေတ္တာရပ်ခံသည်။
KNLA ပူးပေါင်းတပ်ဖွဲ့သည် ယနေ့နံနက် ၄နာရီခွဲမှစတင်ကာ ကရင်ပြည်နယ်၊ကျုံဒိုးမြို့နယ်နှင့် မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းဂိတ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
“ အခုထိက တိုက်ပွဲဖြစ်ပွားနေဆဲလို့ပြောလို့ရတယ်။အားလုံးကို သတင်းထုတ်ပြန်သွားဖို့ရှိပါမယ်။လတ်တလောတော့ အခြေအနေက အသာစီးရှိပါတယ်။ဒီလောက်ပဲ ပြောလို့ရပါမယ်။မဖြတ်ခိုင်းတာက ဒီနေ့ကစပြီး ပြန်ပြီးထုတ်ပြန်တဲ့အချိန်ထိပေါ့” ဟု ကျားဖြူစစ်ကြောင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်၊ကျုံဒိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြောင်း ကျုံဒိုးမြို့နယ်နေသူတစ်ဦးကပြောသည်။
“ မနက် ၁၁လောက်ကတည်းက ကျုံဒိုးမြို့ပေါ်က လူတွေ ဘေးကင်းရာရှောင်နေကြပြီ။ စစ်တပ်က လေကြောင်းဗုံးကြဲလို့ ပြည်သူတစ်ယောက်သေတယ်။ ဆေးရုံမှာ ပိတ်မိနေတဲ့လူနာတွေနဲ့ လူနာစောင့်တွေ ဘာမှမစားရသေးဘဲ ပိတ်မိနေကြတယ်။ ထိခိုက်ပျက်စီးမှုတွေလည်းများတယ်။ ညောင်ရိပ်သာရွာဘက်မှာလည်း အကုန်ပြေးနေရတယ်။ သေတဲ့သူတွေလည်းရှိတယ်ကြားတယ်” ဟု ကျုံဒိုးမြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။
ယနေ့နံနက် ၄နာရီ ခွဲမှ စတင်ပြီး မြဝတီမြို့နယ်တွင် တိုက်ပွဲများစတင်ခဲ့ပြီးနောက် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းဂိတ်အချို့ကို KNLAဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်လျက်ရှိသည်။