မကွေးတိုင်း၊ ရေစကြိုမြို့အထွက်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး စစ်သား ၃ ဦးသေဆုံးကြောင်း ရေစကြိုမြို့နယ်(ပကဖ)ထံက သိရသည်။
မတ်လ ၂၂ ရက် နံနက် ၇နာရီခွဲအချိန်တွင် ရေစကြိုမြို့အထွက် ပေကုန်းရေတံခါးအနီးတွင် အင်အား ၂၀ကျော်ရှိ စစ်ကောင်စီတပ်ကို ရေစကြို(ပကဖ)က ပဒေသာမိုင်း ၃ လုံး ဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ရေစကြိုမြို့ပေါ်ကနေ ခြေလျင်လျှောက်လာကြတာ မြို့အထွက် ပေကုန်းရေတံခါးအနီး မှာ ရှေ့ဆုံးက စစ်သားတွေကို မိုင်းဆွဲလိုက်တာ။၃ ဦးသေတယ်။၃ ဦးဒဏ်ရာရတယ်။လမ်းမှာတွေ့တဲ့ကားနဲ့ ရေစကြိုဆေးရုံ ကိုတန်းပို့တယ်။ဒဏ်ရာရတဲ့ စစ်သား ၃ ဦးကိုတော့ မိတ္ထီလာဆေးရုံကို ပို့မယ်လို့တော့ သတင်းကြားတယ်”ဟု ရေစကြိုမြို့နယ်(ပကဖ)သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် ထိခိုက်သေဆုံးစစ်သားများကို ရေစကြိုမြို့ ဆေးရုံသို့ပို့ဆောင်ကာ ကျန် စစ်သားများမှာ ရေစကြို အခြေစိုက် ခလရ -၂၅၈ တပ်ထဲသို့ ပြန်လည်ဝင်ရောက်ပြီး ရေစကြို-ပခုက္ကူ ကားလမ်းတစ်လျှောက် အင်အားအများအပြားဖြင့် လုံခြုံရေးယူထားကြောင်းသိရသည်။
မတ်လ ၂၁ ရက်နေ့ကလည်း ရေစကြိုမြို့ ချင်းတွင်းမြစ်ဘေးတွင် ငါးဖမ်း ပြီရေချိုးနေေသာ စစ်သားနှင့်ပျူစောထီးတို့ကိုရေစကြိုပကဖ က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။