စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် မိုင်းရှင်းထွက်လာသော စစ်သားနှင့်ပျူစောထီးတို့ မိုင်းဆွဲတိုက်ခိုက်ခံရကာ ၃ ဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့က ထုတ်ပြန်သည်။
မတ်လ ၂၁ ရက်၊ နံနက် ၈ နာရီခန့်တွင် ဂျိုးမြေဇင်း မင်းကောင်မြောင်းတံတားဖြူအနီး၌ ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“သူတို့က လမ်းလျှောက်ပြီး မိုင်းရှင်းဖို့ ၅ ယောက်လာတာ။ ကျနော်တို့တွေကလည်း အဲ့လမ်းပိုင်းကို မိုင်းတွေထောင်ထားတာ။ သူတို့လာတဲ့ လမ်းမှာပဲ ပဒေသာမိုင်း ကိုဆွဲလိုက်တာ။၃ ယောက်လဲကျသေသွားတယ်။မကြာဘူး၊ စစ်သားတွေရောက်လာပြီး သေနတ်တွေဖောက်တယ်။ သေဆုံးတဲ့ ၃ ယောက်ကို သူတို့စီးလာတဲ့ ကားနဲ့ပဲပြန်ခေါ်သွားတယ်။ဘယ်မှာ သဂြိုလ်တယ်လို့တော့ မသိဘူး။ သူတို့အပိုင်နယ်မြေဖြစ်နေတာကြောင့် လုံခြုံရေးကြောင့် ကျနော်တို့ ရွာနားထိ ကပ်လို့မရဘူး”ဟု ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF) အဖွဲ့မှ ပြန်ကြားရေး၊ ဘဏ္ဍာရေး နှင့် တိုက်ခိုက်ရေး Droneမောင်း တာဝန်ခံ ရဲဘော် ဗလကြီး ကပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF) နှင့်ဗိုလ်ဂျပန်ကြီး(T.T.T)SHWEBO(LPDF)၊တောင်သူကြီးများအဖွဲ့-LDF၊ဖားရွှေကျော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊DOG KILLER_SHWEBO PEOPLE DEFENSE FORCE၊မတစ်ထောင်(တစ်ကောင်ဘွား)၊ဒီပဲယင်းအဖွဲ့ နှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်အင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
မတ်လ ၁၄ ရက်နေ့ကလည်း ညောင်ကိုင်းပျူစောထီးရွာမှ ထွက်လာသော ပျူစောထီး ၄ ဦး စီးနင်းလာသည့် ကားကို မြို့လှရွာ လမ်းသုံးခွအရောက် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့သေးသည်။