မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ဘီလူးကွန်မန်ဒိုစစ်ကြောင်း စီးနင်းသိမ်းပိုက်လိုက်သော Myingyan Black Tiger တပ်ဖွဲ့ဌာနချုပ်ကို မဟာမိတ်များ အကူအညီဖြင့် ပြန်လည်ရယူနိုင်ခဲ့ကြောင်း သိရသည်။
မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ဘီလူးကွန်မန်ဒိုစစ်ကြောင်း သိမ်းပိုက်ထားသည့် MBT တပ်ဖွဲ့၏ ဌာနချုပ်စခန်းကို MBT တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း MBT တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောသည်။
“ကျနော်တို့က ဘီလူးစစ်ကြောင်းကို ၁၆ ရက် ၁၇ရက် နေ့စဥ်သွားတိုက်တယ်။ သူတို့ကလည်း ပြန်ပစ်တယ်။ ကျနော်တို့စခန်းကို တိုက်ချင်နေတာ ကျနော်တို့စခန်းကို တဖြည်းဖြည်း ချဥ်းကပ်လာနေတာ။ ကျနော်တို့လည်း တတ်နိုင်သမျှ ခုခံနေသေးတယ်။ ၁၈ ရက်နေ့မှာ မခုခံတော့ဘဲ သူတို့ဆီ သွားတိုက်လိုက်တာ။ ကျနော်တို့ ရဲဘော် ၂ယောက် ဒဏ်ရာရတယ်။ သူတို့ကို ဆေးကုပေးဖို့ ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေက လိုက်သွားတဲ့အချိန် စခန်းကိုဝင်းစီးတာဗျ။ ကျန်ခဲ့တဲ့ ရဲဘော်တွေက ပြန်ခုခံတိုက်ခိုက်ပေမဲ့ ဗျူဟာပိုင်းဆိုင်ရာ မကွပ်ကဲနိုင်တော့ စခန်းစွန့်လိုက်ရတာ။ ကျနော်တို့ မနေ့က ညနေမှာ မဟာမိတ်တွေအကူအညီနဲ့ ပြန်တိုက်ယူတာ။ စခန်းပြန်ရတယ်။ ဒီကောင်တွေ ရွာဘက် ပြန်လှည့်သွားတယ်။ ကျနော်တို့ ဌာနချုပ် အနောက်ဘက်ရွာကိုလှည့်သွားတာ၊ ပစ္စည်းတွေလုတယ်၊ ရွာသားတွေကိုလည်း ဖမ်းထားတယ်။ ဘယ်သူ့တွေကိုဖမ်းထားတယ်၊ ဘယ်လောက်ဖမ်းထားတယ်ဆိုတာတော့ ကျနော်တို့လည်းမသိရသေးဘူး။ သူတို့ပြန်ထိုးစစ်ဆင်နိုင်တာမို့ ကျနော်တို့ ပြင်ဆင်နေရတာပါ”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသ အနောက်ဘက်သို့ ဆုတ်ခွာသွားကာ ကျေရွာများအတွင်း ရွှေ၊ငွေများလုယက်ပြီး အရပ်သားများကို ဖမ်းဆီးထားကြောင်း သိရသည်။
မတ်လ၁၉ရက်၊ ည ၇ နာရီဝန်းကျင်တွင် ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်များ စခန်းချထားသော ထွေအုပ်ရုံးကို အဝေးပစ်ရှေ့ထွက်လောင်ချာဖြင့် MBT က သွားရောက်ပစ်ခတ်ခဲ့သေးသည်။
ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေပြီး အချိန်မရွေး ထပ်မံတိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်းသိရသည်။