ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း ကို လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ရာ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ်-၃၅၀၂ ထံကသိရသည်။
မတ်လ ၁၇ ရက် နံနက် ၈ နာရီ တွင်ယင်း တိုက်ခိုက်ရေးကျောင်းကို KNLA တပ်မဟာ(၂) တပ်ရင်း-၅ နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“မနေ့က ၂ ကြိမ်ပစ်တာ။မနက်ပိုင်း ၁ ကြိမ် ၂ လုံးပစ်တာ။ ကျနော်တို့ ပစ်ပြီး သူတို့ဘက်က တနေကုန် ၁၂၀ မမ တွေနဲ့ပစ်နေတာ။ ရွာတွေထဲ ကျည်ကျတယ်လို့တော့ မကြားမိသေးဘူး။ ညနေကျ တစ်ခါ ၂ လုံး ထပ်ပစ်တယ်”ဟု တောင်ငူခရိုင်PDF တပ်ရင်း ၃၅၀၂ မှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။
အဆိုပါ ပစ်ခတ်မှုတွင် လက်နက်ကြီး ကျည် ၄ လုံးအနက် ၃ လုံး သင်တန်းကျောင်းဝင်းအတွင်း ကျရောက် ပေါက်ကွဲပြီး ကျန် ၁ လုံးမှာ စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
သင်တန်းကျောင်းထဲ သေဆုံးထိခိုက်မှု ရှိ၊မရှိကိုမူ စုံစမ်းဆဲဖြစ်ကြောင်း ၎င်းကပြောသည်။
သံတောင်ကြီးမြို့ သည် စစ်ကောင်စီတပ်၏ ဘုရင့်နောင်တပ်မြို့ဖြစ်ပြီး အောက်မြန်မာပြည် တိုက်ခိုက်ရေးကျောင်း၊ လက်နက်ကြီးသင်တန်းနှင့် တပ်ရင်းမှူး၊ တပ်ခွဲမှူးနှင့် တပ်စုမှူး သင်တန်းကျောင်းများလည်း ရှိသည်။