ပဲခူးတိုင်း၊ မိုးညိုမြို့နယ် ရေကင်းရဲစခန်းအနီး လိုင်းကြေးပေးဖွင့်နေသော လောင်းကစားဝိုင်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး ပျူစောထီး ၃ ဦးသေဆုံးသွားကြောင်း သိရသည်။
မတ်လ ၁၇ ရက် ၊ ည ၁၁နာရီ ၄၅ မိနစ် ဝန်းကျင်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မင်းဇော်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ CEC အဖွဲ့ဝင် ခင်မောင်ဝင်း တို့က စစ်ကောင်စီ ကိုလိုင်းကြေးပေး၍ဖွင့်နေသော လောင်းကစားဝိုင်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ၈ ဦးခန့် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိကြောင်း မိုးညို PDF က ထုတ်ပြန်ထားသည်။
“လက်ပစ်ဗုံးက ဝိုင်းအလယ် ကိုကျသွားပြီး ၃ ယောက်သေတယ်လို့ကြားတယ်။ သေတဲ့ကောင်တွေက ခင်မောင်ဝင်းတို့ မင်းဇော်တို့ နောက်လိုက်တွေ။ ဒီကောင်တွေက ပျူစောထီးတွေဗျ။ သတင်းပေးတယ်။လောင်းကစားဝိုင်းလုပ်တယ်။ သေတဲ့အထဲမှာ အရပ်သားမပါဘူး။ ပွဲပြီးမှ ပစ်တာ။ လာကစားတဲ့သူတွေကပြန်ကုန်ကြပြီ။ မကြာဘူး သေနတ်တွေ ဖောက်တော့တာပဲ။ မြို့ကိုလည်းပိတ်ပြီး စစ်တယ်”ဟုမိုးညို မြို့ခံတစ်ဦးက ပြောသည်။
မိုးညိုမြို့နယ်အတွင်း လောင်းကစားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နေသည်မှာ ကြာပြီဖြစ် ကြောင်း သိရသည်။ “လောင်းကစားဝိုင်း ကကျယ်ကျယ်ပြန့်ပြန့်ကိုလုပ်နေတာ။ ခုမှမဟုတ်ဘူး။ ကျနော်တို့ဆီမှာလုပ်နေတာကြာပြီ။ ဖဲဝိုင်း၊ ဂျင်ဝိုင်းလုပ်တာ။ ဘေးမြို့တွေကလည်း လာကစားကြတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
မိုးညိုမြို့နယ်အတွင်း လောင်းကစားဝိုင်းများ မပြုလုပ်ရန်နှင့် ပြည်သူများလည်း လောင်းကစားဝိုင်းသို့ မသွားကြရန် မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် သတိပေးစာထုတ်ပြန်ထားသည်။