မကွေးတိုင်း၊ ရေစကြိုမြို့နယ် စစ်တပ်အနီး ကင်းချထားသော လက်နက်ကိုင်ပျူစောထီးများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တစ်ဦး သေဆုံးသွားပြီး သေနတ်၂ လက်သိမ်းဆည်းရမိကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
မတ်လ ၁၈ ရက် နံနက် ၈ နာရီခွဲခန့်တွင် ခမရ ၁၅၆ အနီးကင်းချထားသော ပျူစောထီးများကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာဘိုင် ၁ လက်၊ ၎င်းကျည်ဘောက် ၂ ခု ၊ Short Gun ၁လက်၊၎င်းကျည်အမျိုးအစား ၁၄ တောင့် နှင့် ကပ်သီး တစ်ခုကိုသိမ်းဆည်းရမိခဲ့သည်။
“ကျနော်တို့ မစ်ရှင်၂ခု ဗျ။ ဒီမနက်က စစ်မှုထမ်းဟောင်း ကျောက်ခဲနဲ့ပျူ ၂ ကောင် က ရပ်နေတာ။ ကင်းသဘောမျိုးချထားတာ။ ကျောက်ခဲက တော့ နေရာမှာပဲ သေတယ်။ ကျန်တဲ့ ပျူ ၂ကောင်က ထွက်ပြေးတယ်။ ကျနော်တို့ လိုက်ပစ်တော့ သေနတ်ချပြီး ဆိုင်ကယ်နဲ့ မောင်းပြေးသွားတယ်။ မနေ့က မစ်ရှင်က စစ်တပ်ကို ဒရုန်းနဲ့ချတာ။ ကျနော်တို့ ဗုံးသီးအစစ်တွေသုံးပြီး ၈ လုံးချတာ။ မဟာမိတ်တွေလည်းပါတယ်။စစ်တပ်အတွင်းထဲ ဗုံးသီးတည့်တည့်ကျတယ်”ဟု ရေစကြိုပကဖ တာဝန်ရှိသူကပြောသည်။
စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
မတ်လ ၁၇ ရက်နေ့ကခလရ ၂၅၆ တပ်ရင်းနှင့် ခလရ ၂၅၈ တပ်ရင်းတို့ကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီး ၈ လုံးချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
သေဆုံးစစ်သားများကို ပခုက္ကူဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။