စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် ဘီလူးကွန်မန်ဒိုစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၄ လုံး ကြဲချခဲ့ကြောင်း Myaung Special People Defense Force-MSPDF က ထုတ်ပြန်သည်။
မတ်လ ၁၆ ရက်၊နေ့ခင်း ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် မြောင်မြို့နယ်၊ ပေါက်ချောင်းရွာရှိ သရက်ခြံအတွင်း အင်အား ၁၃၀ ခန့်ရှိ စစ်ကောင်စီတပ်၏ ဘီလူးကွန်မန်ဒို စစ်ကြောင်း ရောက်ရှိနေစဥ် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
“ဘီလူးစစ်ကြောင်း မြောင်နယ်ထဲကို စစ်ကြောင်းထိုးနေတာ ၆ ရက်ရှိပြီ။ သူတို့အတော်ထိနာနေပုံလည်းရလောက်တယ်။ ပေါက်ချောင်းကနေ မြစ်သာ ကိုသွားတဲ့အချိန် သရက်ခြံ မှာနားနေတာကို သတင်းရလို့ အီနာဂါ ၄ လုံး ချတာ။ ပြန်တောင်မပစ်ဘူး။ မကြာဘူး၊ မြစ်သာဘက်ကိုထွက်သွားတယ်။ ဒီနေ့တော့ ရသစ်၊သရက်သာ၊ မြစ်ဆုံ၊ မြစ်သာက ရွာသားတွေ ရှောင်နေရပြီ။ ဘီလူးစစ်ကြောင်းဆိုတော့ ရွာသားတွေလည်းကြောက်ကြတယ်။ စစ်ကြောင်းနဲ့ ဝေးသွားတဲ့ ရွာသားတစ်ချို့ကတော့ ပြန်ဝင်နေကြတာတွေလည်းရှိတယ်”ဟု MSPDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းလက် ကပြောသည်။
ယင်းဗုံးကြဲခြင်းကြောင့် သေဆုံးထိခိုက်အများအပြားရှိသည်ဟု MSPDF ကထုတ်ပြန်ထားသော်လည်း MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါ ဝေဟင်တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၄)-MSDF နှင့်အတူ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့-001၊ အညာသားပြောက်ကျားတပ်ဖွဲ့၊Phoenix ပြောက်ကျားတပ်ဖွဲ့၊CHU-PDFနှင့် MinGin Guerrilla Force(MGF)တို့ ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်သည်။
မြောင်မြို့နယ်အတွင်းတွင် ဘီးလူကွန်မန်ဒိုစစ်ကြောင်း၏ရန်ကြောင့် ကူးတို့ကုန်း၊ လှေတင်ဦး၊ ကျောက်ဖူးကုန်း၊ ဘိုးမြတ်သာ၊ ကသစ်ကုန်း၊ အညွန့်၊ အိုင်သာ၊ မင်းတန်း၊ သာဒွန်း၊ နေပူကုန်း၊ ဘုန်းကောင်း၊ ပေါက်တောနှစ်ရွာ၊ မယ်မသော်နှင့် ထုံးကြိုင်ရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရပြီး စစ်ရှောင်ပြည်သူ ၁၅၀၀၀ ကျော် ရှိကြောင်း သိရသည်။