တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း တစ်ရက်တည်းနှင့် တိုက်ပွဲ၂ကြိမ်ဆက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ် ဗိုလ်ကြီးအပါအဝင် ၁၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၁၃ရက်နေ့၊ညနေ ၆နာရီခန့်က ပုလောမြို့နယ်ရှိ ကဗျာရွာသို့ စစ်ကောင်စီတပ်က လာရောက်ဝိုင်းခဲ့ပြီး ယင်းရွာအတွင်းရှိ ပုလောPDFတပ်များနှင့် ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ ၁၃ရက်နေ့ ညနေပိုင်းက စစ်ခွေးတွေလာဝိုင်းတာ။အဲ့အချိန် ထိပ်တိုက်တွေ့ပြီးပစ်ကြတာ။အဲ့မှာ PDFတစ်ယောက်ကျပြီး ပြန်ဆုတ်ရတယ်” ဟု ၎င်းက ပြောသည်။
ယင်းနောက် အင်အားဖြည့်တင်းပြီး ကျဆုံး PDFအလောင်းကို သွားရောက်သယ်ဆောင်ရာ လက်ပံပြင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ထပ်မံပစ်ခတ်မှုဖြစ်ပွားခဲ့ရာ PDF ရဲဘော်နှစ်ဦး၊ဒေသခံ ပကဖ တစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦးတို့ ကျည်ထိမှန်ကျဆုံးခဲ့ကြောင်း ပုလော PDF တပ်ခွဲ ၃ရှိ ရဲဘော်တစ်ဦးက ပြောသည်။
“ ကဗျာရွာကနေ အလောင်းသယ်ပြန်ဆုတ်ချိန်မှာ လက်ပံပြင်ရွာမှာ နောက်ချန်တပ်နဲ့ ထပ်တွေ့တာ။စစ်ခွေးတွေဘက်က ပစ်ကြတော့ ကျတော်တို့ဘက်က လေး ယောက် ထပ်ကျတယ်။ သူတို့ဘက်က ဗိုလ်ကြီး ကျတယ်။နှစ်ချီမှာ သူတို့ဘက်က ၁၅ ဦးထက်မနည်းကျမယ်။ ကျွန်တော်တို့ဘက်က လက်ဦးမှုရတာမို့” ဟု ၎င်းကပြောသည်။
စစ်သားများသေဆုံးမှုနှင့်ပတ်သက်ပြီး MPAအနေဖြင့် တိကျစွာ အတည်ပြုနိုင်ခြင်းမရှိပေ။