မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ တပ်စခန်းကို PDF များ ဝင်ရောက်စီးနင်းခဲ့ရာ စစ်တပ်က အထိနာသဖြင့် လေကြောင်းပစ်ကူခေါ်ခဲ့ရကြောင်းသိရသည်။
မတ်လ ၉ ရက် နံနက် ၆ နာရီဝန်းကျင်မှစ၍ Well Two ရေနံမြေစခန်းကို လက်နက်ကြီး၊လက်နက်ငယ်နှင့်ဒရုန်းများဖြင့် ၄ နာရီကြာ တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းခါနီးအချိန်တွင် စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဉ် ၂ စီးရောက်လာကာ ပစ်ကူပေးခဲ့ခြင်းကြောင့် ပင်မဆောင်မှလွဲ၍ ကျန်အဆောက်အအုံများအား မီးရှို့ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRGက ထုတ်ပြန်ထားသည်။
“ကျနော်တို့တွေက စခန်းနဲ့အနီးဆုံးထိကပ်ပြီးမှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စပစ်တယ်။ဒရုန်းတွေနဲ့လည်း ဗုံးသီးချတယ်။သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပြန်ပစ်တယ်။စခန်းဝန်းထဲထိ ရောက်နေပြီ။ပင်မဆောင်ရှေ့မှာက ဘန်ကာ ၃ ခု ကတုတ်ကျင်းတွေလည်းရှိတယ်။အဲ့ကနေ ဆက်တိုက်ပစ်နေတာ။စခန်းကိုတော့ မသိမ်းနိုင်ဘူးပြောရမှာပေါ့။အဆောင် ၅ လုံးနဲ့ ဂိုထောင် ကိုတော့ မီးရှို့ခဲ့တယ်။ကျည်ကလည်းမလောက်တာကြောင့် မသိမ်းနိုင်တာရယ်။လေယာဥ် ၂ စီးနဲ့ နာရီဝက်လောက်ပစ်နေတာ။ပြန်ဆုတ်လာခဲ့တယ်”ဟု MRG မှ ရဲဘော်ပြေကပြောသည်။
အဆိုပါတိုက်ပွဲတွင် ကျားသစ်နက်တပ်မတော်မှ ရဲဘော်ဖြိုးဇာကျဆုံးခဲ့ပြီး စစ်သားများသေဆုံးဒဏ်ရာရများသော်လည်း အသေးစိတ်ကိုအတည်မပြုနိုင်သေးကြောင်း MRG ကဆိုသည်။
Well Two ရေနံမြေအစောင့်စခန်းတွင် စစ်သားနှင့်ရဲအင်အား ၁၅၀ ဝန်းကျင်ဖြင့် လုံခြုံရေးယူထားသော အခိုင်အမာ တည်ဆောက်ထားသည့် စစ်ကောင်စီစခန်းငယ် တစ်ခုဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကို မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG နှင့်အတူ MUG DF၊PAKKOU SPECIAL TASK FORCE၊ဇာမဏီပြောက်ကျားတပ်ဖွဲ့၊PAKKOU YOUNG FORCE၊ KING FIGHTER၊တမာမြေအဖွဲ့၊ပုဂံညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ကျားသစ်နက် တပ်မတော်(တပ်ရင်း-၁၁)၊အောင်သပြေ ပြောက်ကျားတပ်ဖွဲ့၊DEFENSE TEAM PAKOKKU ၊PAKOKKU PEOPLE DEFENSE FORCEတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။