လမ်းပိတ်ထားသည်ဆိုသော ထုတ်ပြန်ချက်ကို ပြည်သူအများစုက လိုက်နာကြသည့်အတွက် မုံရွာ၊ ချောင်းဦးနှင့်မြင်းမူမြို့နယ်တို့တွင် စစ်ကောင်စီထွက်ကုန် ကြေးနီတင်ယာဉ်တန်းကို မိုင်းစိတ်ကြိုက် ဆွဲ နိုင်ခဲ့ကြောင်း သိရသည်။
မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့အထွက်မှစတင်ကာ စစ်သားများ လုံခြုံရေးယူထားကြောင်း Chaung U Revolution က ထုတ်ပြန်ပြီးနောက် Brave Heart Army-BHA က နံနက်၈နာရီမှစ၍ မုံရွာ-ချောင်းဦးလမ်းပိုင်းကို ယာယီပိတ်ထားကြောင်း ထုတ်ပြန်ခဲ့ကာ နေ့ခင်းပိုင်း၌ မိုင်းဆွဲခဲ့ကြခြင်းဖြစ်သည်။
“ကျွန်တော်တို့ PDF တွေကရတဲ့ တပ်တွင်းသတင်းတွေအရ လက်ပံတောင်းက ကြေးနီတင်ယာဉ် တန်းတွေ ထွက်မယ်ဆိုတာ အခိုင်အမာရထားတော့ မိုင်းဆွဲဖို့ ပြင်ကြတယ်။ မုံရွာ-ချောင်းဦးလမ်း ယာယီပိတ်ထားတာကို ပြည်သူတော်တော်များများက လိုက်နာကြတော့ လမ်းပေါ် ကားတွေ တော် တော်ရှင်းနေတော့ PDF တွေက စိတ်ကြိုက်မိုင်းဆွဲနိုင်တယ်”လို့ ချောင်းဦးPDF ရဲဘော်တစ်ဦးက ပြောသည်။
မတ်လ ၉ ရက်နေ့၊ ၁၂ နာရီခွဲခန့်တွင် မုံရွာ-မန္တလေးကားလမ်းပေါ် ကင်းပုန်းအထပ်ထပ်ချထားသည့် ကြား မုံရွာမြို့နယ်အတွင်း ကြေးနီတင်ယာဉ်တန်းကို၄လုံးတွဲ ပဒေသာမိုင်းဖြင့် မိုင်းဆွဲခဲ့ရာ ကားတစ်စီးမိုင်းထိကာ ကားသမားသေဆုံးခဲ့ကြောင်း Area 71 PDF ကထုတ်ပြန်သည်။
“မြင်တဲ့လူတွေပြောတာရော၊ မိုင်းဆွဲတဲ့ ဗီဒီယိုဖိုင်ကြည့်ရတာရော မိုင်းထိတဲ့ကားက တည့်တည့်ကြီး ကိုထိတာ။ ကားသမားတင်မကဘူး ၊ကားပေါ်ပါလာတဲ့သူတွေပါ သေလောက်တယ်”ဟု မုံရွာမြို့၊သလ္လာရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။
အဆိုပါကြေးနီတင်ယာဉ်တန်းကို မတ်လ၉ရက်နေ့ မွန်းလွဲ၁နာရီခွဲမှ စတင်ကာ ချောင်းဦးမြို့နယ်၊နတ် ရေကန်ရွာနှင့်ရေပိုးစားရွာကြားရှိ ဖိုက်တာကွေ့တွင် ၃လုံးတွဲ ပဒေသာမိုင်း၊ရေပိုးစားရွာအနီးတွင် ၄လုံးတွဲ ပဒေသာမိုင်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ ကားတစ်စီးလမ်းဘေးထိုးကျပျက်စီးခဲ့ကြောင်း လျှပ်တပြတ်စွန်ညို ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။
ဆက်လက်ပြီး ယင်းယာဉ်တန်းကိုပင် ရေပိုးစားရွာအလွန်တွင် ၅လုံးတွဲပဒေသာမိုင်း၊မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီးတွင်၄လုံးတွဲပဒေသာမိုင်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ နောက်ထပ်ကားတစ်စီး ထိုးရပ်သွားကြောင်း သိရသည်။
ယင်း၄ကြိမ်တိုက်ခိုက်မှုကြောင့် စစ်သား ၇ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း လျှပ်တပြတ်စွန်ညို ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။
“နောက်ထပ်တစ်ဖွဲ့လည်း မိုင်းဆွဲခဲ့တယ်လို့သိရတယ်။ မနေ့က ဆက်တိုက်ကို မိုင်းဆွဲကြတာ။ သေ စာရင်းတွေကျတော့ PDFတွေက မိုင်းဆွဲပြီးတာနဲ့ ချက်ချင်းပြန်ဆုတ်တယ်ဆိုပေမဲ့ နောက်ဆက်တွဲ အခြေအနေကိုစောင့်ကြည့်တဲ့ သတင်းရင်းမြစ်တွေရှိပြီးသား။ လူနာတင်ယာဉ်နဲ့လာတာတွေ၊ ပတ်ဝန်း ကျင်ကနေ ကြားတာတွေ၊ဖရဲသီးတွေဆီက ပြန်သိရတာတွေကို စုစည်းပြီး ပြောနိုင်တာ”ဟု ချောင်းဦး PDF ရဲဘော်တစ်ဦးကပြောသည်။
စစ်သားများသေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
လျှပ်တပြတ်စွန်ညို ပြောက်ကျားတပ်ဖွဲ့နှင့်အတူမုံရွာခရိုင် တပ်ရင်း(၆) CHU PDF၊ CHU PDF တပ်ခွဲ ၃၊ စစ်ကိုင်းခရိုင်တပ်ရင်း(၄) MS PDF ၊ B.C အထူးပျောက်ကြားတပ်နှင့် Zoe Fighter People Defence Force အဖွဲ့တို့ပူးပေါင်းမိုင်းဆွဲခဲ့ကြောင်းသိရသည်။