အရေးပေါ်စစ်ရေးလိုအပ်ချက်အရ” သင်္ကြန်အမှီ RPG” ကမ်ပိန်းကို စတင်လိုက်ကြောင်း ကယား/ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” K.R.U အခြေစိုက် ကရင်နီ/ကယား ပြည်နယ်ရဲ့ အရေးပေါ် စစ်ရေးအခြေအနေများအရ ကမ်ပိန်းပြုလုပ်တာပါ။ကျွန်တော်တို့စစ်ကြောင်းတွေမှာ ခွင်းဒုံး အမျိုးအစား RPG လက်နက်ကြီးတွေ အရေးပေါ် လိုအပ်လျက်ရှိနေလို့ပါ။ အခုလည်းတိုက်ပွဲတွေဖြစ်နေပါတယ်။ စစ်ရေးဗျူဟာအရ သတင်းမထုတ်ပြန်တာပဲရှိတာပါ” ဟု ၎င်းက ပြောသည်။
အထက်ပါ ကမ်ပိန်းကို ပြီးခဲ့သည့် မတ်လ ၇ရက်နေ့မှ စတင်ကာ မတ်လ ၂၇ရက်နေ့အထိ ပြုလုပ်လျက်ရှိပြီး အသေးစိတ်ကို Yaung Ni Fundraising Page မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ကြောင်း KRU တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အောက်ခြေမြေပြင် ရဲဘော်များရဲ့ တောင်းဆိုချက်အရ ကော်မတီ ဝင်များရဲ့ ခွင့်ပြုချက်အရရော ပြုလုပ်တဲ့ “ သင်္ကြန်အမှီ RPG” ကမ်ပိန်းလေးကို ပြည်တွင်းပြည်ပရောက် အလှူရှင် ထောက်ပို့ ညီအကို မောင်နှမများမှ ပါဝင်ကူညီပေးပါရန် အကူအညီ တောင်းခံအပ်ပါတယ်” ဟု ၎င်းက မေတ္တာရပ်ခံသည်။
ကယား/ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU)ကို တပ်ဖွဲ့ဝင် ၇ ဖွဲ့ဖြင့် တပ်ပေါင်းစုတစ်ခုအဖြစ်ဖွဲ့စည်းကာ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ စစ်ကြောင်းများ ခွဲ၍ တိုက်ပွဲလျက်ရှိသည်။