လုံခြုံရေးအထပ်ထပ်ချထားသည့် ရေနံချောင်းမြို့မရဲစခန်းထဲသို့ ဝင်ရောက်ကာ အဝေးထိန်း မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မကွေးခရိုင်အမှတ် -၂ တပ်ရင်း၊ တပ်ခွဲ(၁)People’s Defense Force Yenangyaung ကထုတ်ပြန်သည်။
မတ်လ ၅ ရက် ည ၈ နာရီ၁၅မိနစ်ခန့်တွင် မကွေးတိုင်း၊ ရေနံချောင်းမြို့၊ရွှေဘုံသာရပ်ကွက်ရှိ မြို့မရဲစခန်းကို အဝေးထိန်း စလစ်မိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရဲစခန်းကို အနီးကပ်သွားပြီး မိုင်း ၂ လုံးထောင်ပြီး ည ၈ နာရီကျော်လောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ စခန်းမှာက ရဲ ၃၀ လောက်ရှိတယ်။ မိုင်းခွဲပြီးတော့ ရမ်းပြီးပြန်ပစ်ခဲ့သေးတယ်။ ထိခိုက်သေဆုံးမှုနဲ့ အဆာက်အဦ ပျက်စီးမှုတော့ရှိတယ် အသေးစိတ်ကတော့ စုံစမ်းပါပဲ။ ဘန်ကာရှိတဲ့ နေရာကို မိုင်းထောင်ခဲ့တာဆိုတော့လေ။ ထိခိုက်သေဆုံး ပျက်စီးမှုရှိမှာသေချာတယ်”ဟု People’s Defense Force Yennangyaung မှ ဗိုလ်စံသျှား ကပြောသည်။
ယနေ့ နံနက်ပိုင်းတွင်ရေနံချောင်း မြို့ပေါ်၌ စစ်ဆေးရေးများလုပ်ေဆာင်နေပြီး လုံခြုံရေးတင်းကျပ်နေ ကြောင်း သိရသည်။ မိုင်းဖောက်ခွဲစဉ်အချိန်အတွင်း ဆိုင်ကယ်တစ်စီး ရုတ်တရက်ရောက်ရှိလာကာ ပြည်သူတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရသွားခဲ့ခြင်းအပေါ် အနူးအညွတ်တောင်းပန်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မကွေးခရိုင်အမှတ်-၂ တပ်ရင်း၊တပ်ခွဲ(၁) People’s Defense Force Yenangyaung နှင့် နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Yenangyaung Local People’s Defense Force (ဖေကံကောင်း)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြည်သူများအနေနှင့် စစ်တပ်နှင့်ရဲစခန်းအနီးဝန်းကျင်သို့ သွားလာခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှား ကြရန်လည်း ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း ပေါက်မြို့နယ် သဖန်းချောင်းကျေးရွာရှိ နေအိမ်များကို ဖျက်ဆီးပြီး ပြန်ထွက်လာသော စစ်ကြောင်းကို မကွေးခရိုင်အမှတ်-၂ တပ်ရင်း ၊တပ်ခွဲ(၁) People’s Defense Force Yenangyaungက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့သေးသည်။