စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရှိ စစ်ကောင်စီဂိတ်ကို ဝင်ရောက်စီးနင်းခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်းသိရသည်။
မတ်လ၂ရက်နေ့ နံနက်၅နာရီခန့်က မုံရွာ-ရေဦးကားလမ်းပေါ်ရှိ စစ်ကောက်စီလုံခြုံရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Local Mobie Team – ဒီပဲယင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
“ဒီစစ်ဆင်ရေးဟာ ကျနော်တို့ ဒီပဲယင်းမှာဖြစ်သွားတဲ့ ဆပ်ပြာကျင်းတူးမီးတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော် ၂၆ ယောက်အတွက် ၁ နှစ် နဲ့ ၈ လပြည့်မှာ လက်စားချေခြင်းဖြစ်ပါတယ်။ ကျနော်တို့ ဒီစစ်ဆင်ရေးကိုလုပ်ဖို့ အချိန်တစ်ခုယူပြီး ကြိုတင်ပြင်ဆင်ခဲ့ရတာပါဗျာ။ ကျနော်တို့ရဲဘော်တွေ ဂိတ်ကိုဝင်စီးတဲ့အခါမှာ စစ်သား ၃ ယောက်ပဲရှိတယ်။သူတို့ဘက်က ပစ်ချိန်တောင်မရလိုက်ဘူး။ ပွဲချင်းပြီးသေတာ။ သူတို့ကား တစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်။သေနတ်နဲ့ကျည်ဆန်တွေလည်း သိမ်းဆည်းမိခဲ့တယ်”ဟု Local Mobile Team မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။
တိုက်ပွဲအတွင်းမှ MA4 ၁လက် ၊MA 11 ၁ လက် ၊၄၀-မမဗုံးသီး ၁၅လုံး၊MA11 ကျည်ဘောက် ၄ ခု၊ လက်ပစ်ဗုံး၂ လုံး၊5.56 ကျည် ၁၀၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါစစ်ဆင်ရေးကို Local Mobile Team နှင့် ကြေးမုံတပ်ရင်း (တပ်ခွဲ-၃ ) တပ်ရင်း၁၂ ရွှေဘိုခရိုင် -တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်၊၂ ရက်နေ့ က ဆပ်ပြာကျင်းတူမီးတိုက်ပွဲတွင် ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်း များအတွက် ရည်ရွယ်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။