မကွေးတိုင်း၊ ရေစကြိုမြို့အဝင်တွင် စစ်သားများ လိုက်ပါလာသည့် ကား ၃ စီး မိုင်းဆွဲခံရပြီးနောက် အချင်းချင်း ပြန်လည်ပစ်ခတ်မိကာ ၂ ဦး သေဆုံးကြောင်း ရေစကြိုပကဖ ကထုတ်ပြန်သည်။
မတ်လ ၂ ရက် ညနေ ၇ နာရီခန့်တွင် ပခုက္ကူမြို့မှ စာရွက်စာတမ်းများ သယ်ဆောင်လာပြီး စစ်သား ၂၅ ဦး ခန့်လိုက်ပါလာသော ကား ၃ စီး ကို ရေစကြိုမြို့အဝင် ဘက်စုံကွေ့အနီး၌ မိုင်း ၆ လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကဖက ထုတ်ပြန်သည်။
“ပခုက္ကူ ကနေ ထွက်လာတာ ကား ၃ စီး ရှေ့ဆုံးကား ၂ စီးက မိုင်းဆွဲခံလိုက်ရချိန် ရပ်သွားပြီး နောက်ဆုံးကား က စစ်သားတွေက ရမ်းပစ်တာမှာ သူတို့လူကို ပြန်ပစ်မိတာ ၂ယောက်သေသွားတယ်။ ချက်ချင်းပဲ သေသွားတဲ့ အလောင်းတွေကို ကားပေါ်တင်ပြီး ရေစကြိုဆေးရုံကို တန်းမောင်းသွားတာ။ ပခုက္ကူ ကနေ စာရွက်စာတမ်းတွေ သွားယူတဲ့ကားဗျ။ အိမ်စီးကားတွေ စာမေးပွဲမေးခွန်းလို့တော့ ထင်တာပဲ”ဟု ရေစကြိုပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထန်ပြောင်က ပြောသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်မှုအပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာလာနိုင်ခဲ့ကြောင်းသိရသည်။ စစ်သား၂ဦးသေဆုံးမှုကိုမူ MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ရေစကြိုမြို့နယ် အောင်မိုးလမ်းခွဲအနီး စစ်ကောင်စီ ဂိတ်စခန်းကို ရေစကြိုပကဖက တိုက်ခိုက်ခဲ့သေးသည်။