စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်ကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း သိရသည်။
မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်တွင် အောင်ချမ်းသာကျေးရွာက နေအိမ်များကို မီးရှို့ပြီး ဘင်တဲကုန်းကျေးရွာကို စစ်ကြောင်းထိုးလာသော အင်အား ၇၀ ဝန်းကျင်ရှိ စစ်ကောင်စီ စစ်ကြောင်းကို လက်နက်ကြီးဖြင့် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း-၁၅၊ Eagle Guerrilla Force တပ်ခွဲ(၁)က ထုတ်ပြန်သည်။
“မနေ့က ကျနော်တို့ ၂ ကြိမ် တိုက်ပွဲဖြစ်တာ။ အောင်ချမ်းသာရွာကို မီးရှို့ပြီး ဘင်တဲကုန်းရွာကို စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းကို လက်နက်ကြီး နဲ့ ပစ်တော့ သူတို့က ပြန်ပစ်တယ်။ ကျနော်တို့လည်း ပြန်ဆုတ်လာတယ်။ ၁၁ နာရီခွဲလောက်မှာ သခွပ်တောရွာက စစ်သားတွေက သူ့လူတွေကို မနက်ပိုင်းက သွားတိုက်ထားတော့ မဲပြီး ရမ်းပစ်နေတာကို ကျနော်တို့အဖွဲ့တွေက သွားပြီး လက်နက်ကြီးတွေနဲ့ပစ်တာ ၄၅ မိနစ်လောက်ကြာတယ်”ဟု Eagle Guerrilla Force တပ်ရင်းမှူးရဲဘော်ကောက်ရိုး ကပြောသည်။
အလားတူ နံနက် ၉နာရီခွဲခန့်တွင် သခွပ်တောရွာ မှ စစ်သားများသည် လက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်နေသောကြောင့် PDF များကသွားရောက်တိုက်ခဲ့ရာ ၄၅ မိနစ်ခန့် တိုက်ပွားဖြစ်ပွားခဲ့သေးသည်။
“စစ်ကြောင်းထိုးနေတော့ စစ်သားတွေရဲ့ သေဆုံးမှုကို မသိရဘူးဗျ။ ဝက်လက်ကို နာရေးကားနဲ့သယ်သွားတာလို့တော့ သိရတယ်။ ရွာသားတွေမြင်တာကတော့ ပုခက်တွေနဲ့ သယ်သွားကြတယ်လို့ ပြောတယ်။ သူတို့ကလည်း ရဲရဲကြည့်ရဲတာမဟုတ်ဘူး။ ပုန်းနေရတာ”ဟု ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Eagle Guerrilla Force နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် လျှပ်စီးပြောက်ကျားတပ်ဖွဲ့နှင့်နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းဆင်နွှဲခဲ့သည်။
တိုက်ခိုက်မှုများအပြီးတွင် ဝက်လက်မြို့သို့ မေတ္တာရှင် နာရေးကူညီမှုကားဖြင့် ဒဏ်ရာရစစ်သားများကို သယ်ဆောင်သွားကြောင်းသိရသည်။
ဝက်လက်မြို့နယ်ရှိကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းခွဲ၍ မီးရှို့ဖျက်ဆီးနေပြီး ရွာပေါင်း ၁၅ ရွာ မှပြည်သူ ၄၀၀၀ ဝန်းကျင် စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။